ဒီလအတွင်းစပြမယ့် ဂျပန်ဇာတ်ကားထဲက ကမ္ဘာ့ပထမဆုံးစက်ရုပ်မင်းသမီး




ဂျပန်ရုပ်ရှင်လောကသားတွေဟာ စက်ရုပ် ရုပ်ရှင်မင်းသမီးကို ဖန်တီးလိုက်ပြီး အဲဒီစက်ရုပ်ကို ဇာတ်ကားတစ်ခုရဲ့ အဓိကဇာတ်ဆောင်နေရာကနေ ထည့်သွင်းရိုက်ကူးခဲ့ကြပါတယ်။

နျူးကလီးယားစက်ရုံပျက်စီးပြီးနောက်ပိုင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးတဲ့ ဆာယိုနာရာဇာတ်ကားမှာ ဒီစက်ရုပ်သရုပ်ဆောင်ကို အသုံးပြုထားတာဖြစ်ပါတယ်။

Geminoid F လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်ဟာ လူသားတစ်ယောက်နဲ့တူအောင် သရုပ်ဆောင်နိုင်အောင် ရာဘာအရေပြားစွပ်ထားပေးကာ အမျိုးသမီးမျက်နှာပုံစံ တပ်ဆင်ပေးထားပေမယ့် လမ်းမလျှောက်နိုင်တာကြောင့် ရိုက်ကွင်းမှာတော့ ဘီးတပ်ပြီး သယ်ဆောင်ရပါတယ်။

ဆာယိုနာရာဇာတ်ကားမှာ လီယိုနာအဖြစ်သရုပ်ဆောင်ထားတဲ့ စက်ရုပ်ကို ဒါရိုက်တာ ကိုဂျီဖူကာဒါက မင်းသမီးလို့ ရည်ညွှန်းပြောကြားထားပြီး ဇာတ်ကားအဆုံး ဇာတ်ကားမှာပါဝင်သူစာရင်းထဲမှာလည်း ထည့်သွင်းထားပါတယ်။

ဒီစက်ရုပ်ကို အိုဆာကာတက္ကသိုလ်က နာမည်ကျော်စက်ရုပ်ဒီဇိုင်းပညာရှင် ဟီရိုရှီအစ်ဟီဂူရိုက ထုတ်လုပ်တာဖြစ်ပြီး တန်ကြေးကတော့ ပေါင် ၇၇၆၀၀၀ ရှိပါတယ်။

စက်ရုပ်သရုပ်ဆောင်ဟာ လမ်းမလျှောက်တတ်ပေမယ့် ပြုံးတာ၊ မျက်မှောင်ကြုတ်တာ၊ ပါးစပ်လှုပ်တာတွေလုပ်နိုင်သလို အသံသွင်းထားတဲ့ တခြားလူတွေရဲ့အသံနဲ့ စကားပြောတာ သီချင်းဆိုတာတွေလည်း လုပ်နိုင်ပါတယ်။

မော်တာအသုံးပြုထားတဲ့ ဒီစက်ရုပ်ကို လေဖိအားနဲ့ စွမ်းအင်ပေးထားပြီး သူဟာ လူသားတွေရဲ့မျက်နှာအမူအရာကိုလည်း တုပနိုင်တဲ့အပြင် ဒီဇာတ်ကားထဲမှာ သူ့ကိုလက်ပ်တော့ထဲက အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ပါတယ်။

ဆာယိုနာရာဇာတ်ကားကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဂျပန်မှာစတင်ပြသမှာဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ ဘယ်တော့ပြမလဲဆိုတာတော့ မထုတ်ပြန်သေးပါဘူး။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ