ရှမ်းပြည်တောင်ပိုင်းမှာ မိုင်းပေါက်ကွဲ ကလေးငယ်နှစ်ဦးသေဆုံး

ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး ဦးစန်းလွင်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: Khun Yazar/ RFA
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့အရှေ့မြောက်ဘက်က မတ်လန်းတံတားအနီးမှာ မနေ့က မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ကလေးနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ်လန်းတံတားအနီးမှာ သဲစုပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ မိသားစုတစ်ခုက ကလေးတွေ ဟာ မိုင်းပါတဲ့ အထုပ်တစ်ထုပ်ကို ဆော့ကစားရင်း ပေါက်ကွဲသွားတာလို့ ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး ဦးစန်းလွင်က ပြောပါတယ်။

"လဲချားရဲ့အရှေ့မြောက်ဖက် ၃ မိုင်ခန့်အကွာမှာ မတ်လန်းရွာဆိုတာရှိတယ်၊ မတ်လန်းတံတားရဲ့အောက်ဖက် ကိုက် ၂ဝဝ အကွာမှာ၊ ချောင်းသဲထုပ်တဲ့ အလုပ်လုပ်နေကြတဲ့ မိသားစု သူတို့တဲနဲ့ ကိုက် ၃ဝ အကွာမှာ၊ ချုံပုတ်နားမှာ ဆိုင်ကယ်ဘက်ထရီလိုမျိုးဟာကို တွေ့တယ်၊ တွေ့တာကို အကြီးမလေးက ဆွဲယူ လိုက်တယ်၊ အဲ့မှာပေါက်ကွဲပြီးတော့ အကြီးမလေးရယ်၊ နောက်အလတ်မရယ် နှစ်ယောက်ပွဲချင်းပြီးသေသွားတာပါ"

အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ထားပြီးဖြစ်ပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်တာလဲဆိုတာကို မသိရှိသေးကြောင်း ဒုတိယရဲမှူး ဦးစန်းလွင်က ပြော ပါတယ်။

အဲဒီတံတားဟာ တောင်ကြီး-လဲချား၊ မိုင်းနောင်-မိုင်းရှူး လမ်းပေါ်မှာရှိတာဖြစ်တယ်လို့ သိရပါတယ်။မိုင်းရှူး၊ မိုင်းနောင် နဲ့ ကျေးသီးမြို့နယ်တွေမှာလည်း ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီရှိနေ ပြီဖြစ်ပါတယ်။

RFA Burmese

မှတ်ချက်များ