မိုရှီကိုင်းကာဗယ်လင်းလို့အမည်ရတဲ့ လူငယ်တစ်ဦးဟာ ကောလိပ်ဒီဂရီ ၂ ခု ရရှိပြီးဖြစ်ပေမယ့် မဲပေးဖို့အတွက်တော့ အသက်မပြည့်သေးသူဖြစ်သလို လေယာဉ်မောင်းတတ်ပေမယ့် တစ်ယောက်တည်း ကားမောင်းခွင့်ပြုတဲ့အသက် မရောက်သေးသူပါ။
ကယ်လီဖိုးနီးယားက ကာဗယ်လင်းဆိုတဲ့ ၁၇ နှစ်အရွယ် ကောင်လေးဟာ ၁၁ နှစ်အရွယ်မှာ ဒေသကောလိပ်ကနေ ဒီဂရီရခဲ့ပြီး နောက် ၄ နှစ်အကြာမှာတော့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ သင်္ချာဘွဲ့ရခဲ့ပါတယ်။
ဒီနှစ်မှာတော့ သူဟာ ဘော်စတွန်က ဘရန်ဒီးစ်တက္ကသိုလ်ရဲ့ Cybersecurity ဘွဲ့လွန်တန်းကို အွန်လိုင်းကနေတက်ရောက်ခဲ့ပြီး နာဆာရဲ့ လေယာဉ်နဲ့ မောင်းသူမဲ့လေယာဉ်တွေအတွက် ခြေရာခံနည်းပညာတွေကို ကူညီလေ့လာပေးနေပါတယ်။
ဒါ့အပြင် သူဟာ ဒီနှစ်ကုန်ပိုင်းမှာ လေယာဉ်မှူးလိုင်စင်ရတော့မယ်လို့ သိရပြီး ကိုယ်ခံပညာပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်များစွာ ဆွတ်ခူးထားသူပါ။
ပြောမကုန်သေးတဲ့ ကာဗယ်လင်းရဲ့အရည်အချင်းတွေမှာ ထပ်ဖြည့်စွက်ရမှာကတော့ ငယ်ဘ၀က အနိုင်ကျင့်ခံခဲ့ရတဲ့ သူ့အတွေ့အကြုံတွေနဲ့ တစ်ဆင့်ကြားဇာတ်လမ်းတွေကို စာအုပ်ရေးသားထုတ်ဝေခဲ့တာ အခုဆိုရင် ၂ အုပ်ရှိသွားပြီဖြစ်လို့ စာရေးဆရာလို့လည်း ပြောလို့ရပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ