ရခိုင်တွေက ဝက်ခြေထောက် / လက် ကို စွပ်ပြုတ်

ရခိုင်တွေက ဝက်ခြေထောက် / လက် ကို စွပ်ပြုတ် အနေနဲ့လည်းစားတတ် ၊ ခုလိုဟင်းအနေနဲ့လည်း ချက်စားတတ်ပါတယ်။ စွပ်ပြုတ်ကို အချိုလည်း ချက် စားတတ်သလို ၊ ကင်ပွန်းချဉ်ရွက်လေးနဲ့ အချဉ် လည်းစားတတ်ပါတယ်။

ချက်နည်း 

ဝက်လက် (သို့) ခြေထောက်ကို အမွှေးလေးတွေ ပြောင်နေအောင်သေချာဂရုစိုက်ဆေးပေးပါ။ ပြီးရင်တော့ အရေခွံလေးတွေတင်းနေအောင်ထိ မီးမှာပြပေးပါ။
မီးကင်ပေးခြင်းဖြင့် ဟင်းချက်တဲ့အခါ အနံ့ကိုလည်းမွှေးစေပါတယ်။

အမွှေးလေးတွေကပ်ကျန်ရင်လည်း စင်သွားစေတယ်။

ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ ဂျင်းထောင်းပေးပါ။

ငပိနည်းနည်းကိုရေနဲ့ ပျစ်နေအောင်ဖျော်ပေးပါ။

ကြက်သွန်နီကို အလုံးကြီးရင် ရှစ်စိတ် ၊ သေးရင် ၄ စိတ်စီ လှီးထားပေးပါ။

ပြီးရင်တော့ ချက်မယ့်အိုးထဲကို မီးကင်ပြီးတဲ့ ဝက်ခြေထောက် ၊ ငရုတ်သီး ကြက်သွန် ဂျင်း ရောထောင်း ထားတဲ့ အနှစ် ၊ ငပိဖျော်ရည်လေး ၊ ဆားနဲ့ ဟင်းခတ်မှုန့်ထည့်ပြီး ရောနယ်ပေးပါ။

ဆီပါတယ်ဆိုရုံထည့်ပါ။

၁၅ မိနစ်လောက် နှပ်ထားပေးပါ။

နှပ်ထားတဲ့ ဝက်ခြေထောက်အိုးကို မီးဖိုပေါ်တင်ပြီး အသားလုံးပေးပါ။

အသားလေးကျစ်ပြီး မွှေးရနံ့လေးထွက်လာပြီ ၊ ဆီလည်းနည်းနည်းပြန်လာပြီဆိုရင်တော့ ရေကို ဝက်သားတွေမြှုပ်အောင်ထိ ထည့်ပေးပြီး အဖုံးလေးဖုံးထားပေးပါ။

ဟင်းအိုးဆူပြီး ရေခမ်းလာပြီဆိုရင် ရေထပ်ထည့်ပေးပါ။

ဟင်းအိုးနောက်တစ်ခေါက်ဆူလာပြီဆိုမှ စပလင်နည်းနည်းထည့်ပေးပါ။

မကျည်းသီးအနှစ်ရေဖျော်ပြီး ထည့်ပေးပါ။

အရည်လည်းစည်းပြီး အသားလည်းနူးပြီဆိုရင်တော့ အပေါ့အငံ မြည်းပါ။

မိမိကြိုက်နှစ်သက်တဲ့ အရသာရပြီဆိုရင် စပလင်နံ့သင်းသင်းလေးနဲ့ ငပိနံ့လေးပါပါတဲ့ မအီတဲ့ ဝက်ခြေထောက် ချဉ်စပ် ဟင်းလေးကို ရပါပြီတဲ့ရှင်။

အစားအစာကမ္ဘာ

မှတ်ချက်များ