ငါးရွှေကင် နဲ့ သခွါးသီးချက် (သင်္ဘောထိုးကြပ်ကင် နန့် သခွါးသီးချက်)

သခွါးသီးကို ပုစွန်တက်လေးမီးကင်နဲ့ ချက်ရင် အရမ်းမွှေးပြီး ချိုပါတယ်။ငါးရွှေကင်ကိုကျတော့ ဟင်းချိုချက်ရင် အရမ်းကောင်းပါ တယ်။

မွေးလူနာတွေကို ငါးရွှေမီးကင်ဟင်းချိုလေး ကျွေး လို့ရပါတယ်။ရခိုင်တောင်ပိုင်းဒေသတွေမှာ မုန့်တီ ချက်တဲ့အခါ သုံးပါတယ်။

ဒလှိမ့် ခေါ် မွှေကြော်လေးလုပ်ရင်လည်း အရမ်းကောင်းပါတယ်။
ချက်နည်း

ငါးရွှေကို သေချာဆေးပြီး ခြောက်နေအောင်မီးကင်ပေးပါ။မီးကင်ပြီးတဲ့ ငါးရွှေကို အနေတော်လေးတွေဖြစ်အောင် ခြွေထားပေးပါ။

သခွါးသီးကို သေချာဆေး ၊ အခွံခွါပြီး အနေတော်လေးတွေ တုံးပေးထားပါ။

ကြက်သွန်ဖြူ / နီ ကို ဆနွင်းမှုန့်နည်းနည်းထည့်ပြီး ထောင်းပေးပါ။

ချက်မယ့်အိုးထဲကို ကြက်သွန်ထောင်းထားတဲ့အနှစ်လေးထည့်ပြီး ဆီပါတယ်ဆိုရုံထည့်ပြီး ချက်ပေးပါ။

အနံ့လေးမွှေးလာပြီဆိုရင်တော့ ခြွေထားတဲ့ငါးရွှေမီးကင်လေးကို ထည့်မွှေပေးပါ။

အချို ၊ အငံ သေချာထည့်ပြီး ရေနည်းနည်းထည့်ပေးပါ။

အဖုံးခဏအုပ်ထားပေးပါ။တအောင့်ကြာလို့ ဟင်းအိုးဆူလာပြီဆိုရင် သခွါးသီးလေး ထည့်ပေးပါ။

အရည်သောက်လေးလိုချင်တယ်ဆိုရင် ရေကိုနည်းနည်းလောက်ပိုထည့်ပေးပါ။ဟင်းအိုးဆူပြီဆိုရင် အပေါ့ အငံမြည်းပြီး နံနံပင်နည်းနည်းထည့်ပေးပါ။

ချဉ်ချဉ် စပ်စပ်လေးစားချင်ရင်တော့ နံနံပင် မထည့်ခင်မှာ မကျည်းနှစ် နည်းနည်းဖျော်ထည့်ပြီး ၊ ငရုတ်သီးစိမ်းလေး တစ်တောင့်လောက် ညှပ်ထည့်ပေးရုံပါပဲ။

ဒီဟင်းကတော့ အချိုစားရတာက ပိုကောင်းပါတယ် ......... ငါးရွှေကိုကင်ထားတဲ့မွှေးရနံ့လေးရယ် ၊ ငါးရွှေမီးကင်နဲ့ သခွါးသီးရဲ့ အချိုအရသာလေးရယ်နဲ့ ဆီသိပ်မပါတဲ့ တကယ့် သဘာဝဟင်းကောင်းလေးတစ်ခွက်ပါပဲ။

အစားအစာကမ္ဘာ

မှတ်ချက်များ