မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုအ မှတ် (၂) ကျောက်ထုတ်စခန်းမှ အကျဉ်းသား ၁၂ ဦး ထွက်ပြေးမှု ဧပြီ ၂၀ ရက် နေ့လယ်က ဖြစ်ပွားခဲ့ပြီး သုံးဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။
အသက် (၃၀) ၀န်းကျင်အရွယ် ရဲဘက်အကျဉ်းသား သုံးဦးသည် ဧပြီ ၂၀ ရက် နေ့လယ်က မန္တလေးမြို့ အနီးရှိ ထုံးဘို (၂) ကျောက်ထုတ်စခန်းမှ ထွက်ပြေး လွတ်မြောက်သွားပြီး ယခုအခါ ၎င်းတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။
ဧပြီ ၂၀ ရက် နေ့လယ်က အပတ်စဉ် တနင်္ဂနွေ ခရစ်ယာန် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ရန် အကျဉ်းသားများ စုဝေးနေချိန်တွင် အကျဉ်းသား ၁၂ ဦးက ဓမ္မာရုံအနောက်ဘက် သံဆူးကြိုးရှိရာသို့ ထွက်ပြေးရန် ကြိုးစား ခဲ့ကြောင်း၊ တာဝန်ကျဝန်ထမ်းများက ပြန်လည်ဖမ်းဆီးခဲ့ရာ ကိုးဦးပြန်လည်ဖမ်းမိပြီး သုံးဦးလွတ်မြောက် သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ အကျဉ်းထောင်မှ ထွက်ပြေးမှုကို ထုံးဘို (၂) အ ကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမှုဖွင့်တိုင် ကြားခဲ့ပြီး အုန်းချောရဲစခန်းတွင် ပြစ်မှုပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဧပြီ ၁၃ ရက်ကလည်း မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသားအမျိုးသားခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောနှောသောက်သုံးရာမှ အကျဉ်းသားသုံးဦး အဆိပ်သင့်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

မှတ်ချက်များ