ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် စင်ကာပူအများဆုံး ရင်းနှီးမြှုပ်နှံ

မြန်မာနိုင်ငံ၏  ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ တွင် စင်ကာပူနိုင်ငံက ပမာဏအများဆုံးရင်းနှီးမြှုပ်နှံ ထားကြောင်း စင်ကာပူကုန်သွယ်ရေး၊ စက်မှုနှင့် အမျိုးသားဖွံ့ဖြိုးမှုဝန်ကြီးဌာန ၀န်ကြီးမစ္စတာလီရိ ဆွမ်ကပြောသည်။

စင်ကာပူနိုင်ငံမှ ကုမ္ပဏီ၁၄ ခုသည် စင်ကာပူဒေါ် လာ တစ်ဘီလီယံဖြင့် မြန်မာ့ဟိုတယ်နှင့်ခရီးသွား လာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ယခုကဲ့သို့ အမြင့်ဆုံးရောက်ရှိနေခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

‘‘မြန်မာ့စီးပွားရေးအလားအလာကို အသိအမှတ်ပြုတဲ့အတွက် ကျွန်တော်တို့ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဖို့ စိတ်ဝင်စားနေတာပါ’’ဟု စင်ကာပူနိုင်ငံ၏ အကြီးတန်းဝန်ကြီးက စင်ကာပူကုမ္ပဏီရုံး ခွဲဖွင့်ပွဲတွင် ပြောသည်။

၂၀၁၄ ဇန်န၀ါရီတွင်ရှိသော မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစာရင်း၌ စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံဖြင့် စတုတ္ထအများဆုံးနေရာတွင် ရှိနေခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

စင်ကာပူနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်ရေးသည် ၂၀၁၃ ခုနှစ်တွင် ၇၁ ရာခိုင်နှုန်းထိ တိုးတက် လာခဲ့ပြီး စင်ကာပူဒေါ်လာ သုံးဘီလီယံထိ ရောက်ရှိခဲ့ကြောင်း စင်ကာပူကုန်သွယ်ရေး၊ စက်မှုနှင့် အမျိုးသား ဖွံ့ဖြိုးမှုဝန်ကြီးဌာန ၀န်ကြီးက ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံသည် ၎င်းတို့၏  နာမည်ကြီးကုမ္ပဏီများဖြစ်သော Digicel Myanmar Tower နှင့် Apollo Towers Myanmar Limited တို့ကလည်း ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ပြီးခဲ့သည့် မတ်လ ၅ ရက်က ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ထားပြီးဖြစ်သည်။

 မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ကုမ္ပဏီပေါင်းတစ်ရာကျော် ၀င်ရောက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းဇယားများအရ သိရှိရသည်။

သိမ့်သိမ့်စိုး | 7 day daily

မှတ်ချက်များ