ရခိုင်တွေက ကတက်ဥကို ပုစွန်ဟင်းမြိုးလေးနဲ့ ပင်စိမ်းလေးခပ်ပြီး ဟင်းချိုချက်စားတယ် ၊ ကတက်ပင်ရဲ့ အညွှန့်လေးတွေကို ချဉ်လေးနဲ့ ဟင်းလှော်လေးချက်စားတတ်ပါတယ်။
အခုလို အခြောက်ခံပြီး အမျှင်လေးတွေ လုပ်ထားပြီးတော့လည်း စားတတ်ကြပါတယ်။
ချက်နည်း ....... ကတက်ဥအခြောက် အမျှင်တွေကို ရေစိမ်ပြီး ဆေးထားပေးပါ။
ပြီးရင် ရေနွေးနဲ့ပြုတ်ပါ။
နူးပီဆိုရင်တော့ ဆယ်ထားပြီး ရေစစ်ထားပေးပါ။
ရခိုင်တို့ရဲ့ အသုပ်နည်းအတိုင်း ငရုတ်သီးစိမ်းနဲ့ ငပိကို မီးကင်ပါ။
မီးကင်ပြီးတဲ့ ငရုတ်သီးနဲ့ ငပိကို ကြက်သွန်ဖြူလေးထည့်ပြီးထောင်းပေးပါ။
ကြက်သွန်နီပါးပါးလှီးပါ။
ပြီးရင်တော့ သုပ်မယ့် ပန်းကန် / ခွက်ထဲကို ရေစစ်ထားတဲ့ ကတက်ဥအမျှင်လေးတွေ ၊ ငရုတ်သီးငပိထောင်းရယ် ၊ ကြက်သွန်နီရယ် ထည့်ပြီး အချို အငံ အရသာထည့်ပြီးတော့ ရောနယ်ပေးရုံပါပဲ
မကျည်းနှစ်လေး ရေဖျော်ပြီး ထည့်ပေးလိုက်တယ်ဆိုရင် ချွဲချွဲလေးနဲ့ ထွဋ်တဲ့အရာသာလေးနဲ့ သင်္ဘောဥဘန်းဒီ / ကတက်ဥအမျှင်သုပ်လေးကို ချဉ်ငံစပ်လေး ရပါပြီတဲ့ရှင်။
အချဉ်အတွက် သံပုရာသီးနဲ့လည်း သုပ်စားတတ်ကြပါတယ်။
ရခိုင်တွေအတွက် ကြိုက်တဲ့ အစားစာထဲက တစ်ခုပါ။
အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ။
အစားအစာကမ္ဘာ

မှတ်ချက်များ