ဆေးပေါင်းခတဲ့ ညပေါ့ကွယ်။အာကာပြင်မှာလည်း နက္ခတ်စုံညီတယ်။ဘာညာပေါ့ .....
ဒီနေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ ဆေးပေါင်းခတဲ့ ညလို့ သမုတ်ထားကြတယ်။
ဒီနေ့မှာ မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမ တော်တော် များများက မယ်ဇလီဖူးလေး သုပ်စားချင်ကြမှာပါ။
အဝေးရောက်နေတဲ့ သူတွေလည်း အိမ်အလွမ်းပြေလေး သုပ်စားချင်ကြမှာပါ။တကယ်ဆို ညဘက်ကြီးမှာမှ သုပ် စားရမှာပေမယ့် သုပ်နည်းလေးမျှချင်လို့ မနက်ဘက် သုပ်စားလိုက်ပါတယ်။
သုပ်နည်း ..... မယ်ဇလီဖူးကို မကျည်းသီးနည်းနည်းလေးထည့်ပြီး ပြုတ်ပေးပါ။
အဲရေဆူလာပြီဆိုရင် ဆယ်လိုက်ပြီး နောက်ထပ် ရေအသစ်ထည့် ပြုတ် ၂ ခေါက်လောက် လုပ်ပေးပါ။ ကျက်ပြီဆိုရင် ပြန်ဆယ် ရေညှစ်ပြီး ဆုံမှာထည့်ထောင်းပေးပါ။
ကြက်သွန်နီ ပါးပါးလှီးပြီး ဆနွင်းမှုန့် နည်းနည်းနဲ့ ဆီချက်ထားပါ။
ကြက်သွန်ဖြူ ပါးပါးလှီးထားပါ။
ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။
မြေပဲလှော်၊ နှမ်းလှော် ထောင်းထားပါ။
သုပ်မယ့် ပန်းကန်ပြားထဲမှာ ထောင်းထားတဲ့ မယ်ဇလီဖူး ၊ ခရမ်းချဉ်သီး၊ဆီကျက်၊ မြေပဲ နှမ်းထောင်း လေးနဲ့ ပုစွန်ခြောက်မှုန့်ကို ထည့်ပြီး ငံပြာရည်နည်းနည်း အရသာမှုန့်နည်းနည်းထည့် ရောနယ်ပေးပါ။
နည်းနည်းစပ်စပ်လေးစားချင်ရင်တော့ ငရုတ်သီးစိမ်းလေးကို ပါးပါးလေး လှီးထည့်ပေးလိုက်ပါ။
တချို့က ခရမ်းချဉ်သီး ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို မထည့်တတ်ပါဘူး။
ဟုတ်ကဲ့ .... ဆေးပေါင်းခမယ့် ညအတွက် ဆေးဖက်ဝင်စေမယ့် ခါးဆိမ့်ဆိမ့်အရသာရှိတဲ့ မယ်ဇလီဖူး သုပ်လေးကို ရပါပြီတဲ့ရှင် ............
အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ
အစားအစာကမ္ဘာ

မှတ်ချက်များ