ရထားကြိတ်ခံရ၍ ခြေလက် ပြတ်သွားသူကို ဘူတာရုံပိုင်က တရားစွဲ

မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူ တစ်ဦး ရထားကြိတ်မိသဖြင့် ခြေလက်များ ပြတ်ခဲ့ပြီး အဆိုပါ အမျိုးသားကို မီးရထားဥပဒေဖြင့် အရေး ယူရန် ဧပြီ ၅ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရထားကြိတ်မှုမှာ ဧပြီ ၄ ရက် ည ၁၀ နာရီဝန်းကျင် က ဖူးကြီး၊ ဝါးနက်ချောင်း ရထားလမ်း မိုင်တိုင်အ မှတ် (၃၅/၃)နှင့် (၃၅/၄)အကြားတွင် ရထားသံလမ်းပေါ် အိပ်နေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ပုဂံသို့ မောင်းနှင် လာသည့် အမှတ် (၆၁) အဆန်ရထားက ကြိတ်မိခဲ့ခြင်း ဖြစ်သည်။

ရထားကြိတ်ခံရသူမှာ ဖူးကြီးကျေးရွာ ခရမ်းကုန်းပိုင်းနေ အောင်သက် ဆိုသူဖြစ်ပြီး ရထားသံလမ်းပေါ် သို့ ခြေလက်များတင်လျက် အိပ်နေသည့်အတွက် ရထားမှ ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

ဝဲလက်မောင်း၊ ဝဲခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ရထားမှာ မိနစ် (၄၀)ခန့် ရပ်တန့်ခဲ့ပြီး ဒဏ်ရာ ရရှိသူကို တိုက်ကြီးဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထို့ပြင် ခြေလက်များ ပြတ်ခဲ့သည့် အောင်သက်ဆိုသူကို အရေးယူပေးရန် ဖူးကြီးဘူတာ ရုံပိုင် ဦးမျိုးလှိုင်က တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကြောင့် ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး မီးရထားအက်ဥပဒေပုဒ်မ ၁၂၆(င)ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

ဇော်ဇော်ထွေး | Mizzima

မှတ်ချက်များ