နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရက်သတ္တတစ်ပတ်လျှင် ကျပ်သိန်းတစ်ရာဖိုး ကုန်သွယ်ခွင့်ရှိသည့် တစ်နိုင်တစ်ပိုင်ကုန်သွယ်ခွင့် (ITC)ကတ်များ ဧပြီလ ၁ ရက်မှစတင်ကာ မန္တလေးမြို့တွင် ထုတ်ပေးနေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
လိုင်စင်မလိုဘဲ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့နိုင်မည့် ITC ကတ်များကို မန္တလေးမြို့ ၃၅ လမ်းရှိ စီးပွားကူးသန်းဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနတွင် လျှောက်ထားထုတ်ယူနိုင်ကြောင်း ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
‘‘အချက်အလက် အပြည့်အစုံနဲ့လာရင် ဒီနေ့လုပ် ဒီနေ့ရတယ်။ ကတ်ရပြီးရင် ကျွန်တော်တို့ ခွင့်ပြုထားတာ နယ်စပ်ဂိတ် လေးခုရှိတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် စခန်းတွေနဲ့ အိန္ဒိယနယ်စပ်တမူး ဂိတ်ပေါ့။ အဲဒီစခန်းတစ်ခုခုကနေ တစ်ပတ်ကို သိန်းတစ်ရာဖိုး ကုန်သွယ်နိုင်မှာဖြစ်ပါတယ်’’ ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကပြောသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MR CCI)အသင်းဝင်ဖြစ်ပြီး ကုမ္ပဏီ ထူထောင်ထားခြင်းမရှိသေးသည့် မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သူ အသက်(၁၈) နှစ်ပြည့် ပြီးသူမည်သူ့ကိုမဆို တစ်နိုင်တစ်ပိုင်ကုန်သွယ်ခွင့်ကတ်များ ထုတ်ပေးနေကြောင်း၊ ကုန်သွယ်ခွင့်ကတ်လျှောက်ထားရာတွင် မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ရပ်ကွက်၊ ရဲစခန်း ထောက်ခံချက်၊ အိမ်ထောင်စုဇယား စသည်တို့ ပါရှိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ITC ကတ်၏သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး ကတ်မှတ်ပုံတင် ကြေး ကျပ်ငါးသောင်း မြန်မာ့ စီးပွားရေးဘဏ်သို့ ပေးသွင်းရ မည်ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ ၂၀၁၂ နှစ်လယ်ပိုင်းမှစတင်ကာ တရားမဝင်ကုန်သွယ်မှုများကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ Mobile Team များဖြင့် ဖမ်းဆီးစစ်ဆေးအရေးယူခဲ့ရာ ကုမ္ပဏီမထူထောင်နိုင်သော ကုန်သည်ငယ်များ အခက်အခဲကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် ကုန်သည်ငယ်များ အဆင်ပြေစေရေး လိုင်စင်မလိုဘဲ တင်သွင်း၊ တင်ပို့ပြုလုပ်နိုင်မည့် တစ်နိုင်တစ်ပိုင်ကုန်သွယ်ခွင့်ကတ်များထုတ်ပေးရန် ပြည်တွင်း လုပ်ငန်းရှင်များက တောင်းဆိုခဲ့ပြီး ၂၀၁၂ နှစ်ကုန်ပိုင်းမှစတင် ကာ ITC ကတ်များ စတင်ထုတ် ပေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ၊ တရုတ်နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများနှင့် ဆက်စပ်တည်ရှိနေသော မန္တလေးတိုင်းဒေသကြီးတွင်လည်း တစ် နိုင်တစ်ပိုင်ကုန်သွယ်ခွင့်ကတ် ထုတ်ပေးရန် လုပ်ငန်းရှင်များက တောင်းဆိုခဲ့ရာ ယခုနှစ်ဧပြီ ၁ ရက်မှစတင်ကာ ထုတ်ပေးနေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မန္တလေးတိုင်းအတွင်း တစ်နိုင်တစ်ပိုင်ကုန်သွယ်ခွင့်ကတ် ထုတ်ယူသူနှစ်ဦးရှိပြီဖြစ်ကြောင်း စီးပွား ကူးသန်းဝန်ကြီးဌာနမှ သတင်း ရရှိသည်။
လက်ရှိအချိန်တွင် တစ်နိုင် တစ်ပိုင်ကုန်သွယ်ခွင့်ကတ်များကို မန္တလေးတိုင်းဒေသကြီးနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုတွင် ထုတ်ပေးနေပြီး ယင်းကတ်ဖြင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်မလိုဘဲ အကောက်ခွန်ဌာနတွင် တိုက်ရိုက်အခွန်ပေးဆောင်ကာ အစိုးရက တရားဝင်ခွင့်ပြုထားသည့် ပို့ကုန် ၁၆၀ မျိုး၊ သွင်းကုန် ၂၄၂ မျိုးကို ကုန်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
မောင်တာ | 7day daily

မှတ်ချက်များ