MAI က လေယာဉ် အဟောင်းများ ပြည်ပသို့ ထုတ်ရောင်းမည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် သက်တမ်း ၂၀ ကျော်ရှိ လေယာဉ်များ ကို ပြည်ပနိုင်ငံအချို့သို့ ပြန်လည်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း MAI ဥက္ကဋ္ဌ ဦးခင်မောင် လတ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လေယာဉ်တစ်စီးလျှင် ၂၅ နှစ် အသုံးပြုပြီးပါက ဆက်လက်အသုံးပြုခွင့် မရှိတော့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသဖြင့် အဆို ပါ လေယာဉ်များ သက်တမ်း မကုန်ဆုံးမီ ၂၅ နှစ်ကျော်သော်လည်း အသုံးပြုခွင့်ရှိ သည့် နိုင်ငံ အချို့ အား ပြန်လည်ရောင်းချသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မြန်မာနိုင်ငံက လေယာဉ်တစ်စီးကို သက်တမ်း ၂၅ နှစ် ကျော်ရင် အသုံးပြုခွင့်မရှိတော့ဘူး။ တချို့နိုင်ငံတွေမှာတော့ အခုလိုမျိုး မသတ်မှတ်ဘူး။ အဲဒါကြောင့် သက်တမ်းမကုန်ဆုံးမီ အသုံးပြုခွင့်ရှိ တဲ့ နိုင်ငံအချို့ကို ပြန်ရောင်းဖို့ စီစဉ်နေပါတယ်’’ ဟု MAI ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ရှင်းပြသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI တွင် လေယာဉ် ကိုးစီးရှိပြီး လေးစီးမှာ သက် တမ်း ၂၀ ကျော်၍ ပြေးဆွဲခြင်းကို ခေတ္တရပ်နားထားကာ သက်တမ်း ၂၅ နှစ် မပြည့်မီ ၀ယ်ယူလိုသည့် နိုင်ငံ အချို့နှင့် ညှိနှိုင်း ရောင်းချသွားမည် ဖြစ်သည်။

‘‘ဒီလေယာဉ်တွေက သက်တမ်းကုန်သွားရင် နိုင်ငံတွင်းမှာ ဆက်ပြီး အသုံးပြုလို့ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် လိုချင်တဲ့ နိုင်ငံတွေနဲ့ ဈေးညှိပြီး အဆင်ပြေရင် ရောင်းသွားမယ်’’ ဟု ဦးခင်မောင်လတ်က ဆိုသည်။

အဆိုပါ လေယာဉ်များကို ၀ယ်ယူရန်အတွက် ပိုလန်၊ ရုရှားနိုင်ငံနှင့် နိုင်ငံအချို့က လာရောက်ကမ်းလှမ်း ထားပြီး တောင်အာဖရိကနိုင်ငံအချို့တွင်လည်း သက်တမ်း ၂၅ နှစ်ကျော် လေယာဉ်များကို အသုံးပြုလေ့ ရှိကြောင်း သိရသည်။

  နိုင်လင်းအောင် | 7day daily

မှတ်ချက်များ