ဒါလေးပြီးအောင်ဖတ်ပြီးရင်တော့ LIKE & SHARE လေးနဲ. တတ်နိုင်သလောက် ဂုဏ်ပြုကြမယ်လို့ မျှော်လင့်ပါတယ်

ဗိုလ်အောင်ကျော်လမ်းနဲ့ ကမ်းနားလမ်း မီးပွိုင့် ကို ဖြတ်သန်းမောင်းနှင်ကြတဲ့ကားဒါရိုင် ဘာ အတော်တော်များ များနဲ့  ခရီးသည်တွေ အပါအ၀င် အနီးတ၀ိုက်ခြေလျင်သွားလာနေကြ သူတွေဟာ ဒီ မီးပွိုင့်မှာ တာဝန်ထမ်းဆောင်နေ တဲ့မော်တော်ပီ ကယ်လေးကို ကျနော့်လိုဘဲ သတိထားမိကြမယ် ထင်ပါတယ်။

ရုံးဖွင့်ချိန် မနက်ပိုင်းတွေဆိုရင် ၀ါစိမ်းနီ အချက်ပြမီးကို သူ့ သဘောနဲ့ သူပိတ်ပစ်လိုက်ပြီး လမ်းဆုံ အလည်တည့်တည့်ကနေ ကိုယ်လက်အမူအယာတက်ကြွစွာနဲ့  ၀ီဆယ် တရွှီရွှီ မှုတ်လို့  သူတာဝန်ကျရာ မီးပွိုင့်ဆီ ဦးတည်လာတဲ့ကားအစီးရေများစွာကို လိုရာခရီးသို့  အလျင် အမြန် မောင်းနှင် သွားနိုင်အောင်မရပ်မနား လှုပ်ရှားနေပုံတွေကို ထူးထူးခြားခြား တွေ့ ကြရမှာပါ။

“တကယ်တမ်း နင်လားငါလား ကားတွေ ကျပ်လာပြီဆို အော်တိုအချက်ပြမီးတွေနဲ့ အလုပ်မဖြစ်တော့ဘူး။ မီးပွိုင့်ဝင်လာတဲ့ ကားတန်းကြီးက အရှည်ကြီးဖြစ်သွားရော။တဖက်မှာတော့ မီးစိမ်းနေပြီး ဖြတ်သွား တဲ့ကားတွေက တစီးတလေမှ မရှိဘူးဗျ။ဒါကြောင့် မီးပိတ်ပစ်ပြီး ကိုယ်တိုင် လမ်းပေါ်တက်ရတာ” လို့ မော်တော်ပီကယ်လေးကရှင်းလင်းပြောပြ တယ်။ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး၊ ခါးလေးကိုင်းကိုင်း နဲ့  နေပူကျဲကျဲမှာမိမိပိုင် စီးပွားရေးအလုပ်တခုလို စိတ်ဝင်တစား မမောတမ်း ပြေးလွှားလုပ်နေတဲ့
မော်တော်ပီကယ်လေးက သူ့ ဝီဆယ်လေးကို ထုတ်ပြပြီး “၀ီဆယ်လေးကို ကြည့်ပါဦး၊ကိုက်ထားရလွန်းလို့  ပိန်ရှုံ့ နေပြီဗျ“ လို့  မော်တော်ပီကယ်လေးရဲ့  ရယ်ရယ်မောမောပြောလိုက်ပုံဟာ သူမှုတ်လိုက် တဲ့ ၀ီဆယ်သံကို ဟိုးခပ်ဝေးဝေး နေရာတွေကတောင်နားညီးမတတ် ကြားခဲ့ဖူးကြသူတွေအတွက် သူ့ စကားကို နားလည်ခံစားလို့ ရမှာသေချာပါတယ်။

တခါတရံ ဗဟိုစာတိုက်ကြီးရှေ့ မှာ နှစ်ထပ်ဆင့်ရပ်ထားတဲ့ ကားတွေကို တွေ့ တာနဲ့ လမ်းဆုံမှာ လက်ပြနေတဲ့အလုပ်ကို ပစ်ထားလို့  ကားတွေဆီ အပြေးရောက်လာပြီး“ဟေ့.. ဟေ့” လို့  အသံကျယ် ကြီးနဲ့ (တခါတလေ ကားကို တဗုန်းဗုန်း ပုတ်ရိုက်လို့ )အော်ဟစ်ကာ အခုလိုရပ်ကြလို့  မီးပွိုင့်က ထွက်လာတဲ့ ကားတွေအတွက် ပိတ်ဆို့ အခက်အခဲဖြစ်ရကြောင်း ဒါရိုင် ဘာတွေကို ရှင်းပြပြောဆိုတတ်ပါ တယ်။ဗိုလ်အောင်ကျော်လမ်းကနေ ညာဘက်ချိုးကွေ့ ပြီး ကမ်းနားလမ်းအတိုင်းထွက်ချင်တဲ့ကားတွေ ဟာ (နောက်တပွိုင့်ဖြစ်တဲ့ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်းပွိုင့်မှာတန်းစီနေတဲ့ကားတွေဟာဗိုလ်အောင်ကျော်ပွိုင့်နားအ ထိ ရောက်တတ်တာကြောင့်)တန်းအရှည်ကြီးဖြစ်နေတာ မြင်ရတဲ့အ ခါ စည်းမျဉ်းအတိုင်းမမောင်းခိုင်းတော့ ဘဲ တန်းစီနေတဲ့ကားတွေကို ကမ်းနားလမ်းမကြီးရဲ့  အပေါ်ဆုံးယာဉ်ကျောအထိသူ့ သဘောနဲ့ သူ ဆွဲခေါ်ထုတ်ပြီးယာဉ်ကျောမကျပ်အောင်ကြံဆတတ်ပါတယ်။တဖန်ကမ်းနားလမ်းအတိုင်းပန်းဆိုးတန်းဘက်က မောင်းလာတဲ့ကားတွေဗိုလ်အောင်ကျော်လမ်းဘက် ကွေ့ ဝင်ဖို့ တန်းစီနေတဲ့အခါ နောက်နားရောက်နေတဲ့တန်းစီကားတွေကို ကွေ့ လမ်းအတိုင်း ဆက်စီခိုင်းမနေဘဲ ကပ်လျက်ညာကျောလမ်းအတိုင်း မောင်းချခိုင်းကာ (ကွေ့ လမ်း နှစ်ကျောဖြစ်အောင် ယာယီ လုပ်လိုက်ပြီး)ဗိုလ်အောင်ကျော်လမ်းထဲ ခပ်သွက်သွက် ပေးဝင်စေပါတယ်။ ဒါနဲ့ ပက်သက်ပြီး
“မတတ်နိုင်ဘူးလေ၊ စည်းကမ်းတော့ ဖောက်မိတယ်ဗျာ၊ကားတွေမကျပ်အောင်နဲ့ လိုရာ မြန်မြန်ရောက်ကြဖို့  ကျနော့်စိတ်ကူးနဲ့  လုပ်မိတာပါ” လို့  ရှင်းပြပေတယ်။

မီးပွိုင့်နားမှာ နေထိုင်ကြသူတွေ၊ အမြဲရှိနေတတ်ကြတဲ့ ဆိုက်ကားနင်းသူတွေ၊တက်စီယာဉ်မောင်းတွေ၊ ဂျာနယ်ရောင်းသူတွေ၊ လမ်းဘေးလက်ဖက်ရည်ဆိုင်ထိုင်သူတွေနဲ့  စာတိုက်ကြီးဝန် ထမ်းတွေကို ဒီ မော်တော်ပီကယ်လေးအကြောင်းကျနော်တတ်နိုင်သလောက် လိုက်လံမေးမြန်းကြည့်တဲ့အခါ အားလုံးနီးပါးက“သိပ်အလုပ်လုပ်ကြောင်း၊ ချီးကျူးပါကြောင်း” ၀မ်းသာအားရ ပြောကြပါတယ်။

“ကျနော် ရိုးရိုး ရဲတပ်သားပါ၊ လက်မောင်းအရစ်က ဒီလိုဘဲ ကြည့်ကောင်းအောင်တပ်ပေးထားတာ၊ ဒုတပ်ကြပ် မဟုတ်ရပါဘူးဗျာ” လို့  သူ့ ရာထူးကို စပ်စုတဲ့အခါမော်တော်ပီကယ်လေး ဖြိုးဝေလင်း က ခပ်ရှက်ရှက် မျက်နှာပေးနဲ့  ပြန်ပြောပြီးအခြား လုပ်ဖော်ကိုင်ဖက် သူ့ ရဲဘော်တွေလို မဟုတ်ဘဲ ဒီ အလုပ်ကို ဘာကြောင့်စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်နေရသလဲ လို့  မေးကြည့်တော့ “ကျနော့်မီးပွိုင့်မှာကားတွေ ကျပ်လာရင် ကျနော်ကိုယ်တိုင်လည်း နေရကျပ်သလို ခံစားရတယ်” ဆိုတဲ့သူ့ စကားကြောင့် ကျနော် ခဏတာ ငေးငိုင်သွားမိတယ်။

Ko Aung Myo Tun

မှတ်ချက်များ