မြေနီကုန်းမီးပွိုင့် ယာဉ်ကြောထိန်းသိမ်းမှု အကြံပေးပါရစေ (အယ်ဒီတာထံ ပေးစာ)

အယ်ဒီတာခင်ဗျား

ကျွန်တော်က ဟံသာဝတီမှတ်တိုင်အနီးမှာနေပြီး မြို့တော်ခန်းမ အနီးမှာ နေ့စဉ်အလုပ်သွားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးပါ။ ဟံသာဝတီမှတ်တိုင် ကနေ မြို့တော်ခန်းမအထိမှတ်တိုင်ပေါင်း ၉ ခုရှိပြီး ဖြတ်သန်းရတဲ့ မီးပွိုင့်က ၁ဝ ခု ရှိပါတယ်။ အဲဒီ မီးပွိုင့် ၁ဝ ခုထဲမှာ မြေနီကုန်းမီးပွိုင့်နဲ့ အလုံလမ်းမီးပွိုင့်နှစ်ခုက မီးပွိုင့်ဖြတ်ဖို့စောင့်ရတာ အချိန်အကြာဆုံး မီးပွိုင့်နှစ်ခုဖြစ်နေတာ ကို တွေ့ရပါတယ်။ တခြားမီးပွိုင့်တွေက စက္ကန့် ၆ဝ၊ အများဆုံး စက္ကန့်
၉ဝ ပဲ စောင့်ရပေမယ့် အဲဒီမီးပွိုင့်နှစ်ခုကတော့ ယာဉ်ထိန်းက
မီးပွိုင့်ကို မီးခလုတ်နဲ့ထိန်းထားပြီး ဖွင့်ချင်တဲ့ဘက်ကို ကြာကြာဖွင့်ပြီး ပိတ်ချင်တဲ့ဘက်ကို ကြာကြာပိတ်လုပ်နေတာကြောင့် ညဘက် ၇ နာရီကနေ ၈ နာရီကြားမှာဆိုရင် အလုံလမ်းမီးပွိုင့်ကနေ ဟံသာဝတီအဝိုင်းထိ ရောက်ဖို့ မိနစ် ၄ဝ လောက် အချိန်ယူဖြတ်သန်းနေကြရပါတယ်။

ညနေဘက် အိမ်အပြန်ဆိုရင် ကားပေါ်မှာအကြာကြီးစီးရင်း စောင့်ကြရတဲ့ ခရီးသည်တွေမှာလည်း မီးပွိုင့်ကကြာ၊ လူတွေကချွေးတွေထွက်ပြီး စိတ်တွေ တိုကုန်ကြရပါတယ်။

သက်ဆိုင်ရာမီးပွိုင့်တာဝန်ကျများအနေနဲ့ အခုလိုလက်နဲ့ထိန်းပြီး မီးပွိုင့်ကို လွှတ်ပေးနေကြတာဟာ ပိုပြီးယာဉ်ကြောကို ကျပ်တည်းအောင် လုပ်နေ တာလားလို့ ခရီးသည်တွေက လည်းထင်နေကြပါတယ်။ မနက်ခင်း ရုံးတက်ချိန်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဟံသာဝတီ အဝိုင်းကိုကျော်တာနဲ့ ကားတွေကို မြေနီကုန်းမီးပွိုင့်ကို ရောက်ဖို့အချိန်အကြာကြီး စောင့်ရပါတော့တယ်။ အဲဒီမီးပွိုင့်နားကို ရောက်လာတဲ့ ၁၂၄ ယာဉ်လိုင်း၊ ၁၇၃ ပါရမီ ယာဉ်လိုင်းတွေကလည်း သူတို့ယာဉ်ကြောအတိုင်း မမောင်းတော့ဘဲအတင်းဝင်၊ အတင်းထွက်လုပ်နေကြတာ ကို ယာဉ်ထိန်းများက ဖမ်းဆီးထိန်းသိမ်းခြင်းလုံးဝကိုမရှိဘဲ ကြည့်နေတာကလည်း အံ့သြစရာကောင်းနေပါတယ်။

အဲဒီလောက် စည်းပျက်ကမ်းပျက်ဖြစ်နေတဲ့ ယာဉ်လိုင်းတွေကို အရေးမယူတော့ဘဲ ဒီတိုင်းကြည့်နေကြမှာလားခင်ဗျာ။ မီးပွိုင့်ကိုရော အဲဒီလိုပဲ လုပ်ချင်သလိုလုပ်နေကြတော့မှာလား။ သက်ဆိုင်ရာများ လျှပ်တစ်ပြက်စစ်ဆေးတာပဲဖြစ်ဖြစ်၊ စောင့်ကြည့်စစ်ဆေးတာပဲဖြစ်ဖြစ် လုပ်ကြပါဦးလို့ အယ်ဒီတာကတစ်ဆင့် တင်ပြလိုက်ရပါတယ်ဗျား။

ဟံသာဝတီသား | Popular Myanmar News Journal

မှတ်ချက်များ