အပေါင်ပစ္စည်း မရှိဘဲ ဘဏ်ချေးငွေ ရယူလိုသူများအတွက် အကြွေးအာမခံ စတင်ရောင်းချ


အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးတွင် အထောက်အကူ ဖြစ်စေရန် အပေါင်ပစ္စည်း မရှိဘဲ ဘဏ်ချေးငွေ ရယူလိုသော လုပ်ငန်းရှင်များကို မြန်မာ့အာမခံလုပ်ငန်းက ကြားဝင် တာဝန်ယူမည့် အကြွေးအာမခံစနစ် (Credit Guarantee Insurance) ကို ဇွန်လ ၃၀ ရက်နေ့တွင် စတင်ရောင်းချ မည် ဖြစ်ကြောင်း ဘဏ္ဏာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ယင်းကဲ့သို့ ရောင်းချရာတွင် အပေါင်ပစ္စည်း ရှိသူနှင့် မရှိသူ နှစ်မျိုးစလုံးကို ရောင်းချသွားမည် ဖြစ်ပြီး အပေါင် ပစ္စည်း ရှိသူများအတွက် ပရီမီယံနှုန်းမှာ ပထမ တစ်နှစ်စာအတွက် နှစ်ရာခိုင်နှုန်း ဒုတိယနှစ်အတွက် ၁ ဒသ မ ၅ ရာခိုင်နှုန်း၊ တတိယနှစ်နှင့် အထက်အတွက် အတိုးနှုန်း တစ်ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပြီး၊ အပေါင် ပစ္စည်း မရှိသူများအတွက် ပထမ တစ်နှစ်စာအတွက် ပရီမီယံကြေး သုံးရာခိုင်နှုန်း၊ ဒုတိယနှစ်အတွက် နှစ် ရာခိုင်နှုန်း၊ တတိယနှစ်နှင့် အထက်အတွက် တစ်ရာခိုင်နှုန်း ပေးဝယ်ရမည် ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့ က မြန်မာအာမခံ ရုံးချုပ်တွင် ပြုလုပ်သည့် အကြွေးအာမခံ စတင်ရောင်းချခြင်း သတင်းစာရှင်းလင်းပွဲ အခမ်း အနားတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့သည်။

“အသေးစား အလတ်စား လုပ်ငန်းရှင်တွေ လတ်တလော ရင်ဆိုင်နေရတာ ဘဏ်တွေက အပေါင်ပစ္စည်း မရှိရင် ငွေမချေးဘူး။ ငွေမရတော့ လုပ်ငန်း မတိုးချဲ့နိုင်ဘူး။ အပေါင်ပစ္စည်း မရှိဘဲ တကယ်လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေကို ဘဏ်က ငွေထုတ်ချေးချင်တဲ့အခါ ဘဏ်က အကြွေးအာမခံ စနစ်ကို ဝယ်ခိုင်းမယ်။ အကြွေးအာမခံ လာဝယ်သူရဲ့ လုပ်ငန်းကိုလည်း ကျွန်တော်တို့ ကွင်းဆင်း စစ်ဆေးမယ်။ သတ်မှတ် ချက်တွေနဲ့ ကိုက်ညီရင် အကြွေးအာမခံ ရောင်းပေးမယ်” ဟု ၎င်းက ပြောကြားသည်။

ငွေကြေးရလို၍ ယင်းအာမခံကို မရိုးသားစွာ လိမ်ညာဝယ်ယူခြင်းမှ တစ်ပါး အခြားသော အကြောင်း များကြောင့် ချေးငွေကို ပြန်မဆပ်နိုင်ပါက မြန်မာ့အာမခံလုပ်ငန်းက ချေးငွေ၏ ၆၀ ရာခိုင်နှုန်းကို ဘဏ်များ သို့ ပြန်လည် ပေးလျော်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ CGI စနစ် ပေါ်ပေါက်လာခြင်းက ဘဏ်များအတွက် လုပ်ငန်း တွင်ကျယ်မှု ရှိကြောင်း အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ အကြီးတန်းအကြံပေး ဦးစံသိန်း က ပြောကြားသည်။

“ဘဏ်တွေက အလွန်ဆုံး အပေါင်ပစ္စည်း တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကိုဘဲ လုပ်ငန်းရှင်တွေကို ချေးတာ။ ဥပမာ လုပ်ငန်းရှင်က အပေါင်ပစ္စည်း တန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်း လိုချင်တယ် ဆိုရင် ကျန်တဲ့ ၃၀ ရာခိုင်နှုန်းအတွက် အကြွေးအာမခံ ဝယ်ခိုင်းလိုက်ရင် ဘဏ်ဘက်ကလဲ ဆုံးရှုံးနိုင်ချေ နည်းတဲ့အတွက် ထုတ်ချေးကြမှာ ဆိုတော့ အလုပ်ပိုဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဘဏ်များနှင် အပေါင်းပစ္စည်း မရှိ၍ ငွေချေးချင်သူများအကြား ကြားဝင်အာမခံ ပေးမှုမှာ အလွန်ကောင်းမွန်ကြောင်း အလှမွေးငါးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဖက်တီးက ပြောကြားသည်။

“အလှမွေးငါး ဆိုပေမယ့် ကျွန်တော်တို့က မြေကန်ထဲမှာ အကောင်ရေ သောင်းချီမွေးတာ။ ပိုင်ဆိုင်မှုအနေနဲ့ ပဲခူးမှာ သိန်း ၅၀၀ လောက်တန်တဲ့ မြေစလစ်တွေ ရှိတယ်။ ဂရမ်မရှိဘဲ စလစ်နဲ့ ဘယ်ဘဏ်မှ ငွေမချေးဘူး။ ခုလို အပေါင်ပစ္စည်း မလိုဘဲ ချေးလို့ရတယ် ဆိုတော့ လုပ်ငန်းတိုးချဲ့ နိုင်တာပေါ့” ဟု ၎င်းက ပြောကြား သည်။

အကြွေးအာမခံ စနစ်ကို ရန်ကုန်မြို့တွင် ကနဦး စတင်ရောင်းချခြင်း (Pilot Project) ဖြစ်ပြီး မြန်မာ့အာမခံ ရုံးချုပ်တွင် ဝယ်ယူနိုင်ကြောင်း၊ အောင်မြင်မှု ရရှိပါက အခြားမြို့များတွင် ရောင်းချသွားမည် ဖြစ်ကြောင်း မြန် မာအာမခံ လုပ်ငန်းမှ ဦးဆောင်ညွန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

the voice

မှတ်ချက်များ