လော့ခ်ချမထားတဲ့ အခန်းနံပါတ် ၃၀၃


ငါ့အခန်းတံခါးကို ဖွင့်ပြီး ခပ်ဖွဖွ ခြေသံလေး လေထဲမှာ ပြေးလာတယ်

အနက်ရောင် တိမ်တွေ ဘယ်အချိန်ကတည်းကများ

ငါ့ဘေးနားရောက်နေခဲ့သလဲ

အိပ်ယာပေါ်ကို နှင်းဆီပန်းတွေ တပွင့်ပြီးတပွင့်ကြွေကျလာခိုက်

နာရီဟာ စက္ကန့်တံ မပါဘဲ ဆက်တိုက်ကြီးကိုလည်နေတယ်။

တပတ် … ပြီး တပတ် … နောက်တပတ်…

ပြတင်းပေါက်တံခါးဟာ အရှင်လတ်လတ် အပိတ်ခံလိုက်ရပြီ

ကိုယ်ချစ်ခဲ့တဲ့ ကြောင်မလေး လက်သည်းအရှည်တွေနဲ့

ကိုယ့်ဆီ အသံမပေးဘဲ ပြန်ရောက်လာတယ်။

မျက်လုံးတစ်ဖက်ကို အုပ်ပြီးကျနေတဲ့ မင်းရဲ့ဆံနွယ်တခြမ်းဟာ

ဘာကြောင့်များခရမ်းရောင်သန်းနေသလဲ ကေသီ။

အိပ်မပျော်ခင်တုန်းကတော့ ကိုယ့်လည်ပင်းကိုယ်

အဲ့ဒီ သံယောစဉ်ကြိုးတွေနဲ့ ချည်ပြီး Suicide လုပ်ဖို့ ကြိုးစားခဲ့သေးတယ်

ပုံပြင်တွေဟာ ငါကို တရားခံတယောက်လို လာကြည့်နေကြရဲ့

အဖြူရောင် အတိတ်တွေ ပန်းချီကားချပ်ပေါ်မှာ မရှိတော့ဘူး။

ဖွင့်ထားတဲ့ မီးတွေ မှောင်သွားတာနဲ့ တပြိုင်နက်

လည်နေတဲ့ပန်ကာရပ်သွားတာနဲ့ တပြိုင်နက်

ငါ့ နံဘေးနားမှာ မင်းကိုတွေ့လိုက်ရတာပဲ။

ငါမမြင်ဖူးတဲ့ အပြုံးမျိုးနဲ့ ငါ့ကိုကြည့်ပြီးပြုံးနေတာများ

လှရက်လိုက်တာ ကေသီ ရယ်

နံရံထက်ကနေ ချစ်တယ် ဆိုတဲ့ ပဲ့တင်သံတွေချည်း

တောက်လျှောက်ကြွေကျနေတယ် ။

what the hell

မင်းလက်သည်းရှည်တွေကြားက ဓားသွားဟာ

ငါ့အသက်ရှူသံကို လာထောက်ထားတယ်

နံရိုးကြားမှာ သွေးစက်တွေ . . .

ဘယ်သူမှ မရှိတဲ့ အခန်းငယ်ထဲမှာ နောင်တတွေ ပဲ့တင်ထပ်နေတယ်

Cut..Cut..Cut

ငါသိပ်မြတ်နိုးတဲ့ လက်သည်းရှည်တွေနဲ့ ငါ့ကိုသတ်တော့မယ်

ဒါဟာ ငါ့တည်ရှိမှုရဲ့ နောက်ဆုံးအရသာပဲလား

ရုပ်ရှင်ဇာတ်ဝင် သီချင်းတပုဒ်ဖြစ်ဖြစ်

တေးသွားခပ်တိုးတိုးလေး တစ်ပုဒ်ဖြစ်ဖြစ်

နောက်ခံ ဖွင့်ထားဖို့လည်း မလိုအပ်ပါဘူးကွယ်

ငါ နေ တတ် ပါ တယ်

စူးရှ ရင့်သီးလွန်းတဲ့ မင့်အကြည့်တွေကပဲ

ငါ့အတွက် သေဆုံးခြင်းသံစဉ် ဖြစ်နေပြီးသားပဲ ( မဟုတ်လား )

နတ်သမီး တပါးဧည်ခံကျွေးမွေးတဲ့ ညစာ စားပွဲဆိုတာ

ကိုယ် နောက်ဆုံး ရူးသွပ်ခဲ့ရတဲ့ မျှော်လင့်ချက်တခုပဲ ဖြစ်မှာပါ ကေသီ

အတိတ်ကို တလွှာချင်းခွာပြီး ကုတင်ခေါင်းရင်းမှာ ကပ်ထားတယ်

မိတ္တူကူးစက်ထဲက ငါ့အိပ်မက်ကို အမြန်ဆွဲထုတ်လိုက်ပါတော့

ငါမသိလိုက်ခင်မှာပဲ စာမျက်နှာ တခုလုံး အနီရောင်တွေ ရွှဲလို့ . . . ။

ချစ်ခြင်းမေတ္တာဆိုတာ ဒီကဗျာထဲမှာ ဘယ်သူမှ မသိခင် သေဆုံးခဲ့ရတဲ့ သန္ဒေသားပဲ ။

  ဇောက်ထိုး | Trend Myanmar

မှတ်ချက်များ