ယခုဖော်ပြမည့် အင်တာဗျူးသည် စင်ကာပူနိုင်ငံ ဝန်ကြီး ချုပ် လီရှန်လွန်းနှင့် ချိုင်ရှင်းမီဒီယာ လုပ်ငန်းရှင်ကြီး သတင်းသမား ဟူရှုလီတို့ တွေ့ဆုံ မေးမြန်းထားချက် အား ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။
ဟူရှုလီ - ကျွန်တော် ဒီနိုင်ငံကို မကြာခဏ ရောက်ပါ တယ်။ ဝန်ကြီးချုပ်ရဲ့ ဖခင်နဲ့လည်း လွန်ခဲ့တဲ့ ခုနစ်နှ စ်လောက်က အင်တာဗျူးဖူးတယ်။
စင်ကာပူနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုတော့ သိပ်ပြီး အထင်ကြီးမိပါတယ်။ ဝန်ကြီးချုပ်ရဲ့ စင်ကာပူနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုး တက်အောင် လုပ်ခဲ့ပုံကို ကျွန်တော်တို့ သိချင်ပါတယ်။
လီရှန်လွန်း - နိုင်ငံရဲ့ ဝင်ငွေအဆင့် အနေနဲ့ပြောရရင် ကျွန်တော်တို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအ ဆင့်မှာ ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောနိုင်ပါတယ်။
အခြား ဖွံ့ဖြိုးတိုးတက်နေပါတယ် ဆိုတဲ့ နိုင်ငံတွေထက်လည်း ကျွန်တော်တို့နိုင်ငံက ပိုပြီး မြင့်မားတဲ့ အနေအ ထားမှာ ရှိတယ်။ အဲဒါဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ကျွန်တော်တို့ရဲ့ နည်းပ ညာ၊ ကျွန်တော်တို့နိုင်ငံက လုပ်ငန်းတွေရဲ့ ခိုင်မာမှုတွေကြောင့်လို့ ထင်ပါတယ်။
ကျွန်တော်တို့မှာ နိုင်ငံပေါင်းများစွာနဲ့ ကုန်သွယ်မှုပြုနိုင်တဲ့ အနေအထား မရှိသေးဘူး။ သုတေသနလုပ်ငန်း၊ အသစ်တိုးတက် ဖြစ်ပေါ်မှု၊ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ များများစားစား ရှိသေးတာ မဟုတ် ဘူး။ ကျွန်တော်တို့မှာ ဆက်လုပ်စရာ အများကြီး ကျန်သေးတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝတွေကို အများကြီး တိုးတက်ကောင်းမွန်အောင် လုပ်ပေးဖို့ ကျန်သေးတယ်။ သူတို့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံလို အပ်ချက်တွေ အများကြီး ဖြည့်ဆည်းပေးဖို့ ကျန်သေးတယ်။
ဆိုလိုတာကတော့ဗျာ သူတို့ရဲ့ GDP တွေကို အများကြီး မြင့်အောင် လုပ်ပေးရဦးမယ်။ သူတို့ဘဝတွေရဲ့ လိုအပ်ချက်တွေကို အများကြီး ဖြည့်ဆည်းပေးဖို့ လိုသေးတယ်။ သူတို့ဘဝ အရည်အသွေးတွေကို အများ ကြီး မြှင့်တင်ပေးဖို့ လိုသေးတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ ဝန်းကျင်၊ ကျွန်တော်တို့ လူ့ဘောင်ရဲ့ အရည် အသွေး၊ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပုံ အနေအထားတွေကို အများကြီး တိုးတက် ပြောင်းလဲ သွားအောင် လုပ်ဖို့ လိုသေးတယ်။ ဒါတွေက တောက်လျှောက် ဆက်လုပ်သွားရမယ့် ကိစ္စတွေဖြစ်ပါတယ်။
ဟူရှုလီ - စင်ကာပူနိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ အဆင့်နဲ့ ဆက်ပြီးတော့ ထိန်းထားနိုင်အောင် ဝန်ကြီးချုပ်မှာ လမ်းပြမြေပုံတွေ ဘာတွေများ ရှိသလား။
လီရှန်လွန်း - နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ဟာ အခြားနိုင်ငံတွေနဲ့ အဆက်အသွယ် လုပ်ရ မယ်။ အထူးသဖြင့်တော့ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှ၊ အာရှနိုင်ငံတွေနဲ့ ဆက် သွယ်ရမယ်။ ဒီဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသ၊ ကျွန်တော်တို့ကို အခွင့်အလမ်းတွေ အများ ကြီး ဖော်ဆောင်ပေးနိုင်တဲ့ဒေသ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေ အလုပ်ကို အပြင်းအထန် ကြိုးစား လုပ်ကိုင်ကြရမယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ တကယ့်ကို စွမ်းရည်ပါရမီနဲ့ ပြည့်စုံသူတွေ ဖြစ်ပါတယ်။
သူတို့ကောင်းမွန်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့က မှန်ကန်နည်းလမ်းကျတဲ့ ပညာတွေ ပေးရမယ်။ သူတို့ အစွမ်းအစတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို စင်ကာပူနိုင်ငံ တစ်နိုင်တည်းမှာ ကန့်သတ်ဘောင်ခတ်ပြီး သုံးဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေ အားလုံးမှာပါ ဆက်သွယ်အသုံးချနိုင်အောင် လုပ်ရမယ်။
စင်ကာပူနိုင်ငံမှာ ကုမ္ပဏီထောင်ရင် အဲဒီကုမ္ပဏီဟာ ကျွန်တော်တို့ ဈေးကွက်တစ်ခုတည်းအတွက် မဖြစ်ရ ဘူး။ အာရှဆိုတဲ့ ဒေသတစ်ခုလုံးအတွက် ဖြစ်နေရမယ်။ စင်ကာပူနိုင်ငံမှာ ကုမ္ပဏီဌာနချုပ်ကို ရုံးစိုက် ထားနိုင်သလို ရုံးချုပ်တွေကို အာရှတစ်ခုလုံး၊ အာဆီယံဒေသ တစ်ခုလုံး ဖြန့်ကြက်ထားနိုင်ရမယ်။
ကျွန်တော်တို့ လူမျိုးတွေမှာသာ စီမံခန့်ခွဲနိုင်တဲ့ မန်နေဂျာလို စွမ်းရည်မျိုးတွေ၊ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေရင် အပြင်ကိုထွက်ပြီး ဒေသတစ်ခုလုံးမှာ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ အများကြီး ထူထောင်နိုင်ရမယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ အာရှမှာ အတော်ဆုံး စီမံခန့်ခွဲရေးမှူးကောင်းတွေ အနေနဲ့ ထိပ်ဆုံးမှာ ရှိနေစေရမယ်။ စင်ကာပူ နိုင်ငံသားတွေဟာ စင်ကာပူနိုင်ငံမှာလည်း ရှိနေရမယ်။
ကိုယ့်ပတ်ဝန်းကျင် နိုင်ငံတွေမှာလည်း ရှိနေရမယ်။ ကျွန်တော်တို့ဟာ ဘယ်နိုင်ငံကိုပဲ ရောက်ရောက် ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်နဲ့ ချိတ်ဆက်နေထိုင်တဲ့ လူမျိုးတွေ ဖြစ်နေရမယ်။
ဟူရှုလီ - စင်ကာပူနိုင်ငံဟာ လူဝင်မှု ပေါ်လစီနဲ့ ပတ်သက်ပြီး အတော်လေး ပျော့ပျောင်းတဲ့ နိုင်ငံရယ်လို့ သိထားကြပါတယ်။ စင်ကာပူနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပေါ်လစီနဲ့ ပတ်သက်ပြီး အသေး စိတ် ပြောပြစေချင်ပါတယ်။
လီရှန်လွန်း - ဟုတ်ပါတယ်။ ကျွန်တော်တို့လူမျိုးရဲ့ လူဦးရေက သူ့အတိုင်းအတာနဲ့သူ ကန့်သတ်ချက်နဲ့ ရှိနေပါတယ်။ ကျွန်တော်တို့မှာ သိပ်ပြီးတော့ တိုးတက် များပြားလာနိုင်မယ့် အနေအထားလဲ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မွေးဖွားနှုန်းကိုတော့ မြှင့်တင်နိုင်အောင် ကြိုးစားနေတယ်။ အစပိုင်းမှာတော့ ကျွန်တော်တို့ လူဦးရေ သိပ်များဦးမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ မွေးဖွားနှုန်းက အလွန်နိမ့်နေသေးတယ်။
နိုင်ငံရဲ့ စီးပွားရေး အနေအထားကို ဆက်ထိန်းဖို့ဆိုတာ ကျွန်တော်တို့ လူ့ဘောင်ရဲ့ အနေအထားကိုလည်း ထိန်းသိမ်းထားဖို့ လိုလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံမှာ အသက်အရွယ် အိုမင်းသွားသူတွေကို ကြည့် ရှုစောင့်ရှောက်ဖို့အတွက် နိုင်ငံရပ်ခြားက လာတဲ့ သူတွေကို လိုအပ်နေတယ်။
နိုင်ငံရပ်ခြားက ဧည့်သည် အလုပ်သမားတွေကို လိုအပ်တယ် ဆိုတာလည်း အတိုင်းအတာ အချိုးအစားတစ် ခု အနေနဲ့ ခေါ်နေရတာပါ။ သူတို့ကို ဆောက်လုပ်ရေး အလုပ်သမားတွေအဖြစ် ကျွမ်းကျင်သူတွေရော၊ မကျွမ်းကျင်သူတွေရော၊ တတ်ကျွမ်းသူတွေရော၊ မတတ်ကျွမ်းသူတွေရော အဆင့်အတန်းမရွေး ကျွန်တော် တို့ ခေါ်ခိုင်းနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့က နိုင်ငံအဝင်ကိုတော့ ထိန်းသိမ်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေအတွက် သိပ်များသွားရင် ကျွန်တော်တို့အပေါ် အဲဒီလူတွေက လွှမ်းမိုးသွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လူ့ဘောင်အဖွဲ့အစည်းလေးကို နဂိုအနေအထားအတိုင်း ဆက်ပြီး ထိန်းသွားမှာပါ။ စင်ကာပူနည်း စင်ကာပူဟန်တွေ မပျောက်အောင် ကျွန်တော်တို့ လုပ်မှာပါ။
ဒါကြောင့် ကျွန်တော်တို့မှာ နိုင်ငံရပ်ခြားက လာတဲ့သူတွေ၊ နိုင်ငံခြားကလာတဲ့ အလုပ်သမားတွေ အတွက် ပေါ်လစီတွေချပြီး ထိန်းနိုင်အောင် ကြိုးစားနေပါတယ်။ တကယ်လို့ သူတို့က အရည်အချင်းတွေနဲ့ လာတယ်ဆိုရင်၊ အထူးစွမ်းဆောင်ပြနိုင်စွမ်းတွေ ရှိတယ်ဆိုရင် ကျွန်တော်တို့က တံခါးဖွင့်ပေးထားပါတယ်။
တကယ်လို့ သူတို့ဟာ ကျွမ်းကျင်သူတွေ မဟုတ်ဘူး ဆိုရင်တောင် ကျွန်တော်တို့ လိုအပ်တဲ့ အတိုင်းအတာ အထိလောက်တော့ လက်ခံပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ထဲ အဝင်ကို ကျွန်တော်တို့ အရေအတွက်နဲ့ ထိန်းချုပ်ထားပါတယ်။
ဟူရှုလီ - ဟုတ်ပါပြီခင်ဗျာ။ ကျွန်တော်တို့ ပြည်တွင်းစီးပွားရေးဆိုင်ရာ ပေါ်လစီတွေနဲ့ ပတ်သက် ပြီး ပြောကြရအောင်လား။ အသေးစားလုပ်ငန်းနဲ့ အလယ်အလတ် လုပ်ငန်းတွေကို ဘယ်လိုမျှခြေတွေနဲ့ ထိန်းချုပ်ပါသလဲ။ နိုင်ငံတော်က သူတို့အပေါ်မှာ အကာအကွယ်တွေ ပေးထားပါသလား။
လီရှန်လွန်း - နိုင်ငံတော်အနေနဲ့ အများကြီး ကာကွယ် စောင့်ရှောက်ပေးမှုတွေတော့ မလုပ်ပေးနိုင်သေး ပါဘူး။ ကျွန်တော်တို့မှာ အစိုးရအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းအားဖြင့် ဖြစ်စေ ပိုင်ဆိုင်ထား တဲ့ ကုမ္ပဏီတွေတော့ ရှိပါတယ်။ Temasek နဲ့ အခြား ပို့ဆောင်ရေး လုပ်ငန်းတချို့ကို နိုင်ငံတော်က ပိုင်ပါ တယ်။
လုပ်ငန်းတွေတိုးချဲ့ဖို့ ဆိုတာက စီးပွားရေး လုပ်ငန်းတွေကို စီးပွားရေးဆန်ဆန်ပဲ လုပ်ဆောင်ဖို့ လိုပါတယ်။ သူတို့ကို အစိုးရထံကနေ အထူးအခွင့်အရေးတွေ ရမယ်လို့ မျှော်လင့်ပြီး မလုပ်ကိုင်စေချင်ပါဘူး။ အလားတူ အစိုးရကလည်း သူတို့အပေါ်မှာ အထွေအထူး အကောက်ခွန်တွေ ထမ်းဆောင်ခိုင်းတာမျိုးတွေလည်း မရှိဘူး။ ဒါကြောင့် သူတို့ စီးပွားရေလုပ်ငန်းတွေကို စီးပွားရေးဆန်ဆန်ပဲ လုပ်ဆောင်နိုင်ကြတယ်။ သူတို့မှာ သူတို့ ကိုယ်ပိုင် ဘုတ်အဖွဲ့အစည်းတွေ ဖွဲ့စည်းထားကြတယ်။
ဆုံးဖြတ်ချက်တွေကို ကိုယ်ပိုင်ချမှတ်နိုင်ကြတယ်။ စတော့ဈေးကွက် တွေမှာလည်း သူတို့ကုမ္ပဏီတွေရဲ့ အမည်စာရင်းတွေ တက်နေတာပဲ။ ဒါကြောင့် သူတို့အကြောင်းတွေကို အားလုံးသိပြီးသား ဖြစ်နေမှာပဲ။ သူတို့ ရှယ်ယာရှင်တွေနဲ့ သူတို့ ကုမ္ပဏီကို ထိန်းသိမ်းပြီး လုပ်ဆောင်နိုင်စွမ်း ရှိကြတာပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်လုပ်ငန်း အကြီးအသေး ခွဲခြားနေစရာ မလိုဘူး လို့ မြင်ပါတယ်။
ဒီနိုင်ငံမှာ စီးပွားရေးက အရမ်းကို တိုးတက်ပြောင်းလဲနေတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းတွေအ တွက် စိန်ခေါ်မှုတွေ အရမ်းများနိုင်ပါတယ်။ ဒါကြောင့် ခြေလှမ်းကျဲကျဲနဲ့ အမီလိုက်နိုင်ဖို့ လိုမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းအနေအထားတွေ ပြောင်းလဲနေတာနဲ့အမျှ တန်ဖိုးတွေကလည်း လိုက် ပြီး ပြောင်းလဲနေတာကြောင့်ပါ။ သူတို့ လက်ရှိ လုပ်ကိုင် နေကြတဲ့ လုပ်ပုံကိုင်ပုံတွေဟာ နောက်တစ်နေ့ဆို ရင် ပျောက်ချင် ပျောက်သွားနိုင်တယ်။ စီးပွားရေး အခွင့်အလမ်းတွေကို ပုံသေ သတ်မှတ်ထားလို့ မရတော့ဘူး။ ဒီနေ့ ဒီအတိုင်း သွားပေမယ့် နောက်တစ်နေ့ အဲဒီအတိုင်း ဖြစ်ချင်မှ ဖြစ်တော့မှာ။
ဒါကြောင့် စီးပွားရေး လုပ်တယ်ဆိုတာ အခွင့်အလမ်းသစ်တွေကို အမြဲရှာဖွေနေရတဲ့ ပုံစံဖြစ်လာတယ်။ ကုမ္ပဏီကြီးတွေလည်း ကိုယ့်အခြေအနေနဲ့ကိုယ် ငြိမ်အောင် ထိန်းဖို့ဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်အောင် တက်သွားနိုင်ဖို့ ကြိုးစားရတယ်။ ကုမ္ပဏီလေးတွေကလည်း ခြေရာကသေးတော့ ကျော်လွှားခုန်တက်လို့ မရဘူး။ သူတို့လည်း တစ်ဆင့်ပြီးတစ်ဆင့် တက်နိုင်အောင် ကြိုးစားကြရတယ်။
တကယ်တမ်းပြောရရင် ကျွန်တော်တို့အနေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေကို ညှိနှိုင်း လုပ်ဆောင်ပေးတာတွေ ရှိပါတယ်။ များသောအားဖြင့်တော့ သူတို့ ခြေထောက်ပေါ် သူတို့ ရပ်နိုင်ကြတာ များတယ်။
ဟူရှုလီ - စင်ကာပူနိုင်ငံမှာ ဝင်ငွေကွာခြားချက်က အလွန်ကြီးမားတယ်လို့ ဆိုပါတယ်။ အဲဒီကွာခြားချက် အပေါ်မှာရော ဝန်ကြီးချုပ်အနေနဲ့ အဆင်ပြေနေတယ်လို့ ထင်ပါသလား။
လီရှန်လွန်း- အလွန်အကျွံကြီးလို့တော့ မဆိုနိုင်ပါဘူး။ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ရှိကောင်း ရှိနိုင်ပေမယ့် ကျွန်တော်ကတော့ အခြားမြို့ကြီးတွေနဲ့ ယှဉ်ကြည့်စေချင်တယ်။ ဒါဆိုရင် သိပ်ပြီးတော့ ကွာဟချက် ရှိ တယ်လို့ မပြောနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ မြို့ကြီးတွေရဲ့ သဘောသဘာဝက ဝင်ငွေ ဘယ်လောက်ကွာခြားသည် ဆိုစေ အခြေခံ ကွာဟချက်ဆိုတာ သိပ်မရှိဘူး။
ရှန်ဟိုင်း၊ ဘေဂျင်း၊ ဟောင်ကောင်လို မြို့ကြီးတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ စင်ကာပူလည်း သိပ်ကွာခြားတယ်လို့ မမြင်ပါဘူး။ ဟောင်ကောင်က ကျွန်တော်တို့ထက် ဝင်ငွေအချိုးအစား ပိုမြင့်တယ်။
ဒါပေမဲ့ ကျွန်တော်တို့မှာက ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူနေမှု အဆင့်အတန်းကို မြှင့် တင်ပေးထားနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကောင်းကောင်းနေချင်ရင် ကြိုးစားလုပ်ရမယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုးစားကြရမယ်။
The Voice

မှတ်ချက်များ