၅၀၀၀ ကျပ်တန် ငွေစက္ကူအသစ် ဈေးကွက်အပေါ် ဂယက်ရိုက်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၀၉ ခုနှစ် အောက်တိုဘာ (၁) ရက်က စတင် ထုတ်ဝေခဲ့သည့် ၅၀၀၀ ကျပ်တန် ငွေစက္ကူ၏ တရားဝင် လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မားပြီး အရည်အသွေး ပိုကောင်းစေရန်၊ အသုံးပြုသက်တမ်း ပိုမိုရှည်ကြာ စေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန်ဟူသော အကြောင်းပြချက်များဖြင့် ငါးထောင်ကျပ်တန် ငွေစက္ကူ များကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေ မည် ဖြစ်ကြောင်း စက်တင် ဘာ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းကြေညာချက် တစ်ရပ်ကို အစိုးရပိုင် သတင်း စာများမှ တစ်ဆင့် ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်တွင် လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက် ကို ငွေ စက္ကူပျက်စီးမှုမှ ကာကွယ်ရန်နှင့် အသုံးပြုသက်တမ်း ကြာရှည်စေရန် ဗားနစ်(Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ် ထားသည်မှအပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင် သတ်မှတ်ချက်များမှာ မူလ (၅၀၀၀)ကျပ်တန် ငွေစက္ကူအတိုင်း သာ ဖြစ်ကြောင်း၊ လက်ရှိ လှည့်လည် သုံးစွဲနေသော (၅၀၀၀)ကျပ် တန် ငွေစက္ကူများမှာ တရားဝင်ငွေအဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ ထိုသို့ ပါဝင် ခဲ့သော်လည်း ပြည်တွင်းတွင် လည်ပတ် သုံးစွဲနေသည့် (၅၀၀၀) ကျပ်တန် ငွေပမာဏ မည်မျှရှိသည်၊ (၅၀၀၀) ကျပ်တန် ငွေအတုများကို မည်သို့ စိစစ်အရေး ယူသွားမည်၊ ယခုထပ်မံ ထုတ်ဝေသည့် (၅၀၀၀) ကျပ်တန် အသစ်များကြောင့် ပြည် တွင်း ငွေဖောင်းပွနှုန်း မည်မျှဖြစ်နိုင်သည်၊ ပြည်တွင်းရှိ ကုန်စည် ဈေးနှုန်းများ မြင့် တက်ခြင်း ရှိနိုင်၊ မရှိနိုင်ဆိုသော အာမခံချက်များ မပါဝင်ပေ။
၁၉၈၈ ခုနှစ်က စတင်ခဲ့သည့် စစ်အစိုးရ သက်တမ်းတစ်လျှောက် မြန်မာနိုင်ငံ တွင် ငွေစက္ကူများကို ရိုက်နှိပ် ထုတ်ဝေရာတွင် ပြည်သူတို့အား သာမန် အသိပေးသည့် ကြေညာချက်မျိုးမှလွဲ၍ ပြည်သူတို့ သိသင့်သော ပြည်တွင်း ငွေလည်ပတ်မှု ပမာဏ မည်မျှရှိသည်ကို စစ်အစိုးရ သက်တမ်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မကြေညာခဲ့ဖူးပေ။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် ငွေစက္ကူများ အသစ်ထုတ်ဝေ တိုင်း ပြည်တွင်းကုန် စည် ဈေးနှုန်းများ မြင့်တက်ခြင်း၊ ထပ်မံထုတ်ဝေသည့် ငွေစက္ကူများ အပေါ် ပြည်သူတို့က မယုံကြည်ခြင်း၊ စိုးရိမ် စိတ်များ ဖြစ်ပေါ်ရခြင်းတို့မှာ ထုံးစံကဲ့သို့ဖြစ်နေသည်။
ထိုသို့ ထုံးစံဖြစ်နေရသည့် အခြေအနေများကို ““ငွေတွေရဲ့ သံသယ ဖြစ်မှုတွေက တော်တော် များနေ တယ်။ များနေတယ်ဆိုတော့လေ ဒီဟာကို ဘယ်လို ထိန်းကျောင်းမလဲ ဆိုတဲ့အခါကျတော့ အဲဒါကို ငွေအခိုင်အမာ လုပ်ချင်ရင် အဟောင်းက အခုငွေအတု ကိုင်ထားတဲ့ လူတွေပေါ့ဗျာ။ အတုကိုင်ထားတဲ့ လူကလည်း ဆင်းရဲသားပဲ ကိုင်မှာဗျ။ အတုလုပ်တဲ့ လူကတော့ ကိုယ့်ဟာကိုယ် ကိုင်သုံးမှာ မဟုတ် ဘူးလေ။ တော်တော် မိုက်တဲ့ လူမို့လို့သာ အတုကိုင်သုံးတာကိုး။ အဲဒီလိုဆိုတော့ ဆင်းရဲသား သုံးမယ် ဆိုရင် သူ့မှာရှိတဲ့ ပိုက်ဆံလေးဟာ တစ်ခါထပ်ပြီးတော့ အသိမ်းမခံရ ကံကောင်းပေါ့ဗျာ။ ပိုက်ဆံကိစ္စက မြန်မာနိုင်ငံနဲ့ ပတ်သက် လာရင် နည်းနည်း တည်ငြိမ်မှုမရှိတော့ ဆုပ်လည်းစူး၊ စားလည်းရူးတဲ့ အခြေအနေ ရောက်တာပေါ့ဗျာ””ဟု စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာမောင်မောင်စိုး က မြန်မာ သံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။
ယခု မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ထုတ်ဝေမည့် (၅၀၀၀) ကျပ်တန် အသစ်များနှင့် ပတ်သက်၍ မြန်မာ့ငွေကြေး ဈေးကွက်အတွင်း ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်မည်ကို စိုး ရိမ်မှုများ ရှိနေသည်။ ထို့အတူ ပြည်သူများ အနေဖြင့်လည်း ငွေစက္ကူအသစ်များ ထွက်ရှိလာမည့်အတွက် ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ် ပူပန်မှုများ ရှိနေသည်။ ထိုသို့ စိုးရိမ်ပူပန်မှုများ ရှိနေခြင်းများမှာ ဗဟိုဘဏ်များ၏ လုပ်ပိုင်ခွင့်များကို နားလည်ထားပါက စိုးရိမ်စရာ မရှိကြောင်းကို““ကျွန်တော် သိတာကတော့ replacement ပါ။ အစားထိုးတာပါ။ အသစ်ထပ်ထုတ်မယ် ဆိုရင် ပြောစရာတောင် မလိုဘူး။ ထပ်ထုတ်မှာပေါ့။ ဒါ အစိုးရမှာ ရိုက်ပိုင်ခွင့် ရှိတာပဲ။ ကြေညာစရာကို မလိုဘူး။ အခုဟာက နည်းနည်းလေး သတိပေးလိုက်တာ။ ခိုင်မာတဲ့ငွေကို ထုတ်တာ။ အဲဒါ ကြောင့် မခိုင်မာတဲ့ ငွေတွေကို ပြန်သိမ်းလိမ့်မယ်။ သိမ်းလည်း သိမ်းမယ်။ စုံလည်း စုံစမ်းမယ်။ အရေးလည်း ယူမှာပေါ့””ဟု ဒေါက်တာမောင်မောင်စိုး က ပြောကြားသည်။
နိုင်ငံတကာတွင် ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေမှုနှင့် ပတ်သက်၍ ““ဒေါ်လာကတော့ ပြောလို့ရတာပေါ့ ဗျာ။ သူတို့ကတော့ ဗြောင်ဖွင့် ပြောတာ ကိုး။ အဲဒီတော့ ဒေါ်လာနဲ့ တခြားငွေကြေး လဲလှယ်နှုန်းမှာ ဒေါ်လာက မာနေလို့မို့ ဒေါ်လာက တန်ဖိုးလျှော့တဲ့အနေနဲ့ ထပ်ထုတ်တာမျိုးတွေ လုပ်တယ်။ အဲဒါ၂၀၀၈၊ ၂၀၀၉ အကျပ်အတည်း နောက်ပိုင်းမှာ အဲဒီပုံစံ လုပ်သွားတာ ရှိတယ်ဗျ။ အခု ၅၀၀၀တန် ကိစ္စတော့ ကျွန်တော်တို့ information က အတိအကျ မသိဘူးဗျ။ အတုတွေ ပေါ်တယ်ဆိုလို့ အတုတွေကို တစ်နေရာမှာ ပြန်ပြီးတော့ အစားထိုးသလား။ ဒါမှမဟုတ် သတ်သတ်ပဲ အသစ်ရိုက်သလား မသိဘူး။ ကျောထောက်နောက်ခံ ငွေက ဒီအတိုင်းပဲ ရှိပြီးတော့ အသစ်ရိုက်တယ် ဆိုရင်တော့ ငွေတန်ဖိုးကျမှာပေါ့”” ဟု စီးပွားရေးဆိုင်ရာ ဆောင်းပါးများ ရေးသားသူ စာရေးဆရာကျော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ငွေကြေး ဈေးကွက်တွင် လည်ပတ်နေသည့် ငွေပမာဏ မည်မျှရှိသည်ကို မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် တရားဝင် ကြေညာ ထားခြင်း မရှိဘဲ ငွေစက္ကူများ ထပ်မံ ရိုက်နှိပ်မှုကို ““ပွင့်ပွင့်လင်း လင်း ပြော လို့ရှိရင်တော့ အစိုးရသဘောပဲဗျ။ ထပ်ပြီးတော့ ရိုက်ချင်လည်း ရတာပဲ။ အစိုးရသဘောပဲ။ ငွေကြေး ပေါ်လစီနဲ့ ဆိုင်တာပေါ့ဗျာ။ ငွေကြေး ပေါ်လစီ မှာ ယေဘုယျ ပြောလို့ရှိ ရင်တော့ ငွေကျပ်နေ တယ်ဆိုရင် ငွေစက္ကူ ထပ်ရိုက်တဲ့ သဘောရှိတာပေါ့””ဟု ဆရာကျော်ဝင်းက ထပ်မံပြော ကြားသည်။
လတ်တလောတွင် မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် ဥပဒေ အသစ် ရေးဆွဲပြဋ္ဌာန်းပြီး ငွေကြေး မူဝါဒများကို ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်နေသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) စီးပွားရေးနှင့် သုတေသနဌာနမှ Assistant Chief Economist Ms. Cyn-Young Park က စက် တင်ဘာ (၁၄) ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ထောက်ပြဝေဖန် ထားသည်။ ဥပဒေအသစ် ပြဋ္ဌာန်းပြီးနောက်တွင် ဗဟိုဘဏ်မှ လုပ်ဆောင်ရမည့် တာဝန်များအတွက် ဥပဒေ အခြေခံ၍ ပံ့ပိုးပေးခြင်းဖြစ်ပြီး ဗဟိုဘဏ်သည် ငွေကြေးမူဝါဒများကို အကောင်အထည် ဖော်ရာတွင် အမှန် တကယ် လုပ်ဆောင်နိုင်မည့် စနစ်တစ်ခုကို တည်ထောင်ခြင်းနှင့် ဗဟိုဘဏ်၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
လတ်တလောတွင် (၅၀၀၀) ကျပ်တန် ငွေစက္ကူများ ထွက်ရှိလာမည့်အပေါ် စီးပွားရေး လုပ်ငန်းရှင်များအား ဂယက်ရိုက်မှု ရှိနိုင်၊ မရှိနိုင်ကို““လုပ်ငန်းရှင်တွေ အနေနဲ့ ငွေပိုတဲ့လူကတော့ ဂယက်ကတော့ ရှိမှာပေါ့။ ငွေပိုတဲ့လူမှာ ဘာသုံးရမလဲ။ ဘာလုပ်ရမလဲ ဆိုတော့ ဒါတော့ ရှိတာပေါ့။ သူကပိုနေတာကိုး။ သူ့ငွေ သေသွားမှာ ကြောက်တာပေါ့”” ဟုရိုးမဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က သုံးသပ် ပြောကြား သည်။
(၅၀၀၀)ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဟု ကြေညာချက် ထွက်ပြီး နောက်ပိုင်းတွင် ရွှေဈေး ကွက် အတွင်း လက်ကား ရောင်းချရမှုများ မြင့်တက်လာရာ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ““ခါတိုင်းနှစ် ဒီအချိန်ကတော့ ရွှေဈေးတက်တာပေါ့လေ။ ဒီနှစ်ကတော့ ကျတာပေါ့၊ ထူးထူးခြားခြားလေး။ ဒါတစ်ချက်ရယ်။ နောက်ဒုတိယ တစ်ချက်က(၅၀၀၀)တန် နိုင်ငံတော် ကနေ နောက်ပုံစံတစ်ခုနဲ့ ထုတ်တယ် ဆိုတာတော့ များသောအားဖြင့် တော့လည်း ဒီလို ငွေစက္ကူ ထုတ်တယ်ဆိုတော့ လူတွေကတော့ နည်းနည်း ရွှေကိုပိုဝယ် တာတော့ ဒါကလည်း သဘာဝပါ။ များသောအားဖြင့်ကတော့ ဒီလို ငွေစက္ကူထုတ်တဲ့ အခါကျတော့ တော်ရုံတန်ရုံ လူတွေလက်ထဲမှာ ကိုင်ထားတဲ့ ပိုက်ဆံတွေကျတော့ ရွှေလေးဝယ်ထားမယ် ဆိုတဲ့ အိုင်ဒီယာလေးကတော့ လူတိုင်း တွက်ကြတာပေါ့။ အဲဒါနဲ့ ၀ယ်တာတော့ ရှိတာပေါ့””ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးထုံရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက ပြောကြားသည်။
ရွှေဝယ်ယူမှုနှင့် ပတ်သက်၍ ““အစိုးရက(၅၀၀၀)တန် အသစ်တွေ ထုတ်မယ်ဆိုတော့ လက်ထဲမှာ (၅၀၀၀) တန်တွေ မထားချင်ဘူး။ အဲဒါကြောင့် ရွှေဝယ်ထားတာ”” ဟု တာမွေမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင် တွင် ရွှေဝယ် ယူသူ အမျိုးသမီးတစ်ဦးက ပြောသည်။
(၅၀၀၀)ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဟု ကြေညာချက် ထွက်ပေါ်လာပြီးနောက် တိုက်ဆိုင် စွာပင် မြန်မာ့ငွေကြေးနှင့် ရွှေဈေးကွက်တို့ တွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာရာ အဆိုပါ အခြေ အနေများကို ““တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကို။ စီးပွားရေးလောကမှာ တစ်ခုခုလုပ်လိုက်တိုင်း တခြားကို ဂယက် ရိုက်တာ ရှိတာပဲ။ အဲဒီဂယက်တွေက ကောင်းတဲ့ဂယက်တွေက ဖြစ်ခဲတယ်ဗျ။ ပေါ်လစီကနေ အကျိုး သက်ရောက်မှုက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုက ရှိတာပဲ။ ဆိုးတာနဲ့ ကောင်းတာက ဆိုးတာ ပိုဖြစ်ဖို့ လွယ်တယ်ပေါ့လေ။ ဒါပေမဲ့ ကိုယ့်ပေါ်လစီ မှန်တယ်ဆိုရင် ရေရှည်မှာတော့ ငြိမ်သွားပါ တယ်””ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း တန်ဖိုးကြီး ငွေစက္ကူဖြစ်သည့် (၁၀၀၀)၊ (၅၀၀၀)၊ (၁၀၀၀၀)ကျပ်တန် ငွေစက္ကူများကို အတုပြုလုပ်မှုများ များပြားလျက်ရှိပြီး ဖမ်းဆီးမှုများလည်း များပြားလှသည်။
ပြည်တွင်းငွေစက္ကူ လည်ပတ်မှုများတွင် ငွေစက္ကူအတုများ လည်ပတ်မှုမှာ အစိုးရဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များ အတွင်းမှာပင် လည်ပတ်မှုများ ရှိနေသည်ကို ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းမှု များပင် ပြုလုပ်ခဲ့ရသည်။
(၇-၃-၂၀၁၃)က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မိုးမောက် မဲဆန္ဒနယ်မှ ဦးဇော်ထွန်းက““ဘဏ်တွေ အချင်းချင်းတောင် (၅၀၀၀)တန် အတုတွေ လည်ပတ်နေပြီလား ဆိုပြီးတော့ ဘဏ်မှာတောင် တကယ်လို့ ဒါမျိုးဖြစ်နေပြီဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေမှာရော ဘယ် လောက် ဖြစ်နေပြီလဲ”” ဟု မေးမြန်းခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် ၎င်းကပင် ဆက်လက်၍ ““(၁)ယခုနေ့ရက်အထိ မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်လုပ်သည့် ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှ ရှိသည်ကို သိရှိလိုပါသည်။ (၂) ကျပ်(၅၀၀၀) အတုများ မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အသီးသီးတွင် လည်ပတ်မှု ရှိနေနိုင်ပါသလား။ (၃) အကယ်၍ အဆိုပါ ကျပ်(၅၀၀၀)တန် အတုများ လည်ပတ်နေပါက မည်ကဲ့သို့ ထိန်းချုပ်ရန် အစီအစဉ်ရှိ ပါသလဲ”” ဟု မေးမြန်းခဲ့သည်။
ဦးဇော်ထွန်း၏ မေးမြန်းမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင် က ပြန်လည် ဖြေကြားခဲ့ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၃၁-၁-၂၀၁၃ ရက်အထိ ထုတ်ဝေထားသော (၅၀၀၀) ကျပ်တန် ငွေစက္ကူ တန်ဖိုးပမာဏမှာ ကျပ် (၂၈၀၀)ဘီလီယံကျော် ရှိကြောင်း၊ ကျပ် (၅၀၀၀)တန် အတုများ မြန်မာနိုင်ငံတွင်းရှိ ဘဏ်များတွင် မလည်ပတ်နိုင်စေရန် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ် ထုံးလုပ်နည်း များနှင့် ငွေစက္ကူအတုအစစ် ခွဲခြားသည့် စက်များဖြင့်ပါ ကြပ်ကြပ် မတ်မတ် ဆောင် ရွက် နေသော်လည်း ဘဏ်များတွင်ငွေစက္ကူ အတုများ လက်ခံရရှိမှု ရှိနိုင်ကြောင်း၊ ထိုသို့ရှိသော်လည်း ငွေ လည်ပတ်နိုင် လောက်သည့် ပမာဏမရှိကြောင်း၊ငွေစက္ကူ အတုများကို ငွေကြေးဆိုင်ရာ ဥပဒေများ၊ ပြည်သူများ အား အတုအစစ်ခွဲခြားသည့် ပညာပေးများ လုပ်ဆောင်ခြင်း၊ ငွေစက္ကူအတုများ စစ်ဆေး တွေ့ရှိသည့်အခါ ဖမ်းဆီး စစ်ဆေး အရေးယူခြင်းများဖြင့် တားဆီး ထိန်းချုပ်လျက်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ရှိန်းဝေနောင် | မြန်မာသံတော်ဆင့်သတင်းဌာန

မှတ်ချက်များ