![]() |
| Photo - Vancouversun |
ဆီးရီးယားနှင့် အီရတ်တို့တွင် ထကြွလှုပ်ရှားနေသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတပ်ဖွဲ့များ က ဂျပန်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထားသည့် ဗီဒီယိုအား ထုတ်လွှင့် ပြသခဲ့ပြီး ၎င်းတို့ တောင်းဆိုသည့်
ပြန်ပေးငွေကို ပေးချေခြင်း မရှိပါက ၎င်းတို့အား သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။
IS စစ်သွေးကြွ တပ်ဖွဲ့များက ၎င်းတို့၏ ရန်သူတော် အမေရိကန် ပြည်ထောင်စုကို ထောက်ခံ ကူညီနေခြင်း အတွက်လည်း ဂျပန်အစိုးရအပေါ် အဆိုပါ ဗီဒီယိုအတွင်း ပြစ်တင်ပြောဆိုထားသည်။
ဝန်ကြီးချုပ် အာဘေးက ယင်းကဲ့သို့သော ခြိမ်းခြောက်မှုမျိုးသည် လက်ခံနိုင်စရာ အခြေအနေ မရှိကြောင်းနှင့် ဓားစာခံများကို ကယ်ဆယ်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုသည်။ ၎င်းက ဆက်လက်၍ ဂျပန်ပြည်သူများ လုံခြုံဘေးကင်းရေးသည် မိမိအတွက် ဦးစားပေး ရည်မှန်းချက်ဖြစ်ပြီး ဂျပန်အစိုးရ အနေဖြင့် အကြမ်းဖက်မှုများကို လက်မြှောက် အလျှော့ပေးမည် မဟုတ်ဟုလည်း ပြောကြားထားသည်။
လတ်တလောတွင် မိမိတို့ အနေဖြင့် အဆိုပါ ဗီဒီယို၏ စစ်မှန်တိကျမှုကို ဆန်းစစ်သုံးသပ်နေကြောင်း ဂျပန်
နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဗီဒီယိုထဲတွင် ပါဝင်သည့် ဂျပန်နိုင်ငံသား နှစ် ဦးမှာ လူသိများသည့် အလွတ်တမ်း သတင်းထောက် ကန်ဂျိုဂိုတိုနှင့် ဆီးရီးယားတွင် စစ်ဘက် ကန်ထရိုက် ကုမ္ပဏီတစ်ခု တည်ထောင်ရန် ရောက်ရှိနေသည့် ဟာရူနာ ယူကာဝါတို့ ဖြစ်ကြောင်း သတင်းများက ဖြော်ပ ထားသည်။
အာဘေးသည် အရှေ့အလယ်ပိုင်း ခရီးစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အစ္စရေးသို့ သွားရောက်နေရာမှ ယခုအရေး ပေါ်ပေါက်လာခြင်းကြောင့် ဇန်နဝါရီ (၂၁)ရက်တွင် ဂျပန်သို့ ချက်ချင်း ပြန်လာခဲ့သည်။ ၎င်းသည် အစ္စရေးမှ မထွက်ခွာမီ ဂျေရုဆလင်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ရာ၌ “အစွန်းရောက်ခြင်းနဲ့ အစ္စလာမ် ဘာသာရေးဟာ လုံးဝ ခြားနားပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းဟာ ဒီလို အကြမ်းဖက်မှုမျိုး ကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။
IS တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်ဆိုသော ဗီဒီယိုတွင် ဂျပန်ဓားစာခံ နှစ်ဦးကို ပြသထားပြီး ဓားကိုင်ထားသည့် မျက်နှာဖုံးစွပ် စစ်သွေးကြွ တစ်ဦးက အင်္ဂလိပ် စကားဖြင့် ခြိမ်းခြောက် ပြောဆိုနေသည်ကို တွေ့ရသည်။ ၎င်းက အဆိုပါ ဓားစာခံ နှစ်ဦးအတွက် ပြန်ပေးငွေ ဒေါ်လာသန်း(၂၀၀) ပေးချေခြင်း မပြုပါက (၇၂)နာရီအ တွင်း သတ်ဖြတ်ပစ်မည်ဟု ပြောကြားခဲ့သည်။
IS တပ်ဖွဲ့အတွက် နိုင်ငံခြားသား ဓားစာခံများကို ဖမ်းဆီးငွေညှစ်ခြင်းသည် ယခုအခါ အဓိက ဝါဒဖြန့် ဗျူဟာ တစ်ရပ်သဖွယ် ဖြစ်လာသည်။ အဆိုပါ အကြမ်းဖက် စစ်သွေးကြွများသည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို ထိန်းချုပ်ထားပြီး ၎င်းတို့လက်အောက်ရှိ ဒေသများတွင် ရက်စက်ကြမ်းကြုတ်သည့် နည်း လမ်းများကို ကျင့်သုံး အုပ်ချုပ်လျက်ရှိသည်။
7day

မှတ်ချက်များ