ငလျင်အပျက်အစီးတွေအောက်မှာ တပတ်ကြာအသက်ရှင်ခဲ့တဲ့ အဘိုးအို


နီပေါနိုင်ငံငလျင်ရဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန်မှာပဲ ပြီးခဲ့တဲ့ စနေနေ့က အဆောက်အုံအပျက်အစီးတွေအောက်ကနေ အသက် ၁၀၁ နှစ်အရွယ်အဘိုးအိုတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ ငလျင်လှုပ်ပြီးတဲ့တပတ်ကြာတဲ့အထိ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ အဘိုးအိုကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်းထန်တဲ့ဒဏ်ရာဒဏ်ချက်တွေမရတဲ့ အကောင်းပကတိရှိနေခဲ့တဲ့ ဒီအဘိုးအိုရဲ့ အခြေအနေအကြောင့် တပတ်အတွင်း ဘယ်လိုအသက်ရှင်နေထိုင်ခဲ့လဲဆိုတာ ရဲတပ်ဖွဲ့ဝင်တွေစဉ်းစားရ ခက်နေခဲ့ကြပါတယ်။ လက်ရှိ အချိန်ထိတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေစဉ် အချိန်တွင်းမှာပဲ ငလျင်ကြောင့် သေဆုံးသူဦးရေ ၇၂၅၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ရွာလုံးကျွတ်နီးပါး ပျက်စီးပြီးကျောက်တုံးတွေအောက် ရောက်သွားခဲ့တဲ့ အခြေအနေတွေလည်းရှိခဲ့ပေမယ့် အရောက်သွားဖို့ ခက်တာကြောင့် အခုချိန်အထိ ကယ်ဆယ်ရေးမလုပ်ရသေးတဲ့ နေရာတွေ ရှိနေပါသေးတယ်။ 

အပျက်အစီးတွေကြားထဲမှာ အချိန်ကြာကြီးရှိနေခဲ့ပြီး အသက်ရှင်လျှက်တွေ့ရတဲ့ဖြစ်ရပ်တွေဟာ သဘာလွန်ဆန်းကြယ်တဲ့ဖြစ်ရပ်တွေသာဖြစ်ကြောင်း နီပေါပြည်ထဲရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း လေးလသားအရွယ် ကလေးငယ်ကို အပျက်အစီးတွေကြားမှာ ဒဏ်ရာမရပဲ အကောင်းတိုင်းအသက်ရှင်လျှက် တွေ့ခဲ့ရပါတယ်။

Planet Myanmar

မှတ်ချက်များ