အနိမ့်ဆုံး လုပ်ခ လစာ ဆုံးဖြတ်ချက်ကို ယခုလ အတွင်း ပြဋ္ဌာန်းမည်ဟု သမ္မတပြော
အနိမ့်ဆုံး လုပ်ခ လစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဇွန်လအတွင်း ချမှတ် ပြဋ္ဌာန်း သတ်မှတ် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဦးသိန်းစိန်က ရေဒီယို မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ယင်းမိန့်ခွန်းတွင် အနိမ့်ဆုံး လုပ်ခ လစာနှင့် ပတ်သက်သည့် အကြောင်းအရာ သတင်း အချက်အလက်များကို စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင် နေကြသည့် အလုပ်သမား များထံသို့ အလုပ်သမား အဖွဲ့အစည်းများ သွားရောက်နေကြောင်း သမ္မတက ဆိုသည်။
သို့ဖြစ်၍ အလုပ်သမားများထံမှ သဘောထား ဆန္ဒများ မေးမြန်း ဆွေးနွေးခြင်းများနှင့် ရရှိလာမည့် အချက်အလက်များကို စုစည်းပြီး အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ရေးနှင့် စပ်လျဉ်းသည့် အမျိုးသား အဆင့် ကော်မတီ ဆွေးနွေးပွဲကို မကြာခင် ကျင်းပသွားရန် စီမံ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
““စီမံဆောင်ရွက်မှုတွေ ပြီးစီးတဲ့အခါ အနိမ့်ဆုံး လုပ်ခ လစာနဲ့ ပတ်သက်သည့် ဆုံးဖြတ်ချက်တွေကို ဇွန်လအတွင်းမှာ ချမှတ်ပြဋ္ဌာန်း သတ်မှတ်ဆောင်ရွက် အကောင်အထည်ဖော် သွားနိုင်တော့မှာ ဖြစ်ပါတယ်”” ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောသည်။
အနိမ့်ဆုံး လုပ်ခ လစာနှင့် ပတ်သက်၍ ပြီးခဲ့သည့် လအတွင်းက လွှတ်တော်အပြီး မီဒီယာများ၏ မေးမြန်းချက်အား အလုပ်သမား ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းမှ ဖြေကြားရာတွင်အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ရေးကို ယခုအစိုးရ သက်တမ်း အတွင်း အပြီးသတ် ဆောင်ရွက် ပေးသွားမည် ပြောကြား ထားသော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုလအတွင်း ဆောင်ရွက်ပေးမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။
““သမ္မတပြောတဲ့ မိန့်ခွန်းက လက်တွေ့ သိပ်မကျဘူးလို့ မြင်တယ်။ အခု အမျိုးသား အဆင့် ကော်မတီ အစည်းအဝေးတောင် မလုပ်နိုင်သေးတာ။ အဲဒါကြောင့် ဒီလထဲမှာ သတ်မှတ်နိုင်ဖို့ အတွက် သိပ်မဖြစ်နိုင်ဘူး”” ဟု အနည်းဆုံး လုပ်ခလစာ သတ်မှတ် စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးနော်အောင်က ဆိုသည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန် အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး ကျင်းပပြီးမှသာ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပြီး၊ လွှတ်တော်မှ အတည်ပြုပါက ရက် (၆၀) ကြာမြင့်ဦးမည် ဖြစ်၍ အချိန် သုံးလကျော် ကြာမြင့်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောသည်။ယခုအခါ အနိမ့်ဆုံး လုပ်ခ လစာ မသတ်မှတ်နိုင်သေးခြင်းကြောင့် အလုပ်သမားများ နစ်နာမှုများ၊ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေကြ၍ အစိုးရမှ အမြန်ဆုံး သတ်မှတ်နိုင်ရန် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
messenger

မှတ်ချက်များ