ဒေါ်အောင်ဆန်းစုကြည်သည် အသက် အရွယ်ထက် သာလွန်သော ကျန်းမာရေးရှိနေ


ဒေါ်အောင်ဆန်းစုကြည်သည် ယခု အသက်အရွယ်တွင် ရှိရမည့် ကျန်းမာရေး အခြေအနေထက် ကောင်းမွန်နေပြီး၊ ကျန်းမာရေး ညွန်ကြားချက်ကိုလည်း အမြဲ လိုက်နာနေကြောင်း မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက The Messenger Media သို့ ပြောသည်။

““ကျန်းမာရေး ရှုထောင့်ကတော့ ကျွန်တော် အားလုံး အာမခံလို့ရတယ်။ ကျွန်တော် တို့က ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်း ကျန်းမာရေး စစ်ဆေးတယ်။ နိုင်ငံတကာ ပညာရှင်တွေ၊ ဓာတ်ခွဲခန်း ပညာရှင်တွေကရော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အရမ်း ကောင်းတယ်လို့ ပြောတယ်”” ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး စစ်ဆေးချက်ကို လိုအပ်သလို လုပ်ဆောင်နေပြီး၊ လွန်ခဲ့သော ဆယ်ရက်ခန့် က နေပြည်တော်အထိ လိုက်သွားကာ ကျန်းမာရေး စစ်ဆေးချက် လုပ်ဆောင်ခဲ့ကြောင်း၊ ယခုရာသီသည် ပူအိုက်သောကြောင့် ဖျားနာမှု မဖြစ်စေရန်လည်း စမ်းသပ် စစ်ဆေးခဲ့ကြောင်း ဒေါက်တာ တင်မျိုး ၀င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုဇွန်လတွင် အသက် (၇၀) ပြည့်မည် ဖြစ်ရာ ယခု အသက်အရွယ်တွင် ဖြစ်လေ့ ဖြစ်ထ ရှိသော နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ သွေးတိုး၊ ဆီးချိုစသည့် ရောဂါများ ရှိမနေကြောင်း၊ ယခုအချိန်အထိ အစားအသောက်၊ အနေအထိုင် ဆင်ခြင်လျက်ရှိကာ ပြည်သူနှင့် ထိတွေ့မှုတို့ကို ကောင်းမွန်စွာ လုပ်ဆောင် နိုင်ခြင်းလည်း ရှိကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုသည်။

““ကျန်းမာရေး ကောင်းပါတယ်။ မယုံရင် လွှတ်တော်ကို လာကြည့်”” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် နေထိုင်သော ဒေါက်တာ တင်မာအောင်က The Messenger Media သို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ အကြိမ်ကြိမ် ဖမ်းဆီး အကျဉ်းချခြင်း ခံရကာ နေအိမ် အကျယ်ချုပ်နှင့် လွတ်မြောက် လာခဲ့ပြီး နောက်ပိုင်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှ တစ်ဆင့် လွှတ်တော်ထဲသို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ခဲ့သည်။ သူမသည် နိုင်ငံတော် သမ္မတ လုပ်ချင်သည်ဟု တရားဝင် ဖွင့်ပြောသည်။

messenger

မှတ်ချက်များ