“တံတားကျိုး၍ သုံးဦးသေဆုံး၊ ပျောက်ဆုံးအရေအတွက် မသိရသေး"





သီပေါမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်ပေါင်း(၁၀၀)ကျော်ခန့်ရှိ ရှေးဟောင်းကွန်ကရစ်တံတား တစ်စင်း ကျိုးကျကာ အရေအတွက် အတည်မပြုနိုင်သေးသည့် လူအချို့ ရေထဲမျောပါသွား၍ ၄င်းတို့ထဲမှ သုံးဦးသေဆုံးသွားကြောင်း ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

သီပေါ ရဲစခန်းအနီးမှ နမ့်ပေါချောင်းကို ဖြတ်၍ ဆက်သွယ်ထားသော ကွန်ကရစ်တံတား သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က ကျိုးကျခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုကို တံတားပေါ်မှ လာကြည့်နေသည့် ဒေသခံအချို့ရေထဲမျောပါသွားသည်ဟု ဒေသခံ ကိုဖိုးကျော်က ပြောသည်။

" ရေထဲမျောသွားတဲ့လူတွေလည်း ရှိတယ်။ ဘယ်နှစ်ယောက်မှန်း မသိရသေးဘူး။ တံတားအောက်မှာ ပိနေတဲ့ လူ ၅ ယောက်မှာ သုံးယောက်သေဆုံးသွားတယ်။ ရေထဲမျောသွားတဲ့ လူနှစ်ယောက်က တစ်ယောက်ကိုတော့ ပြန်ကယ်ထားနိုင်တယ်။ အခု တံတားအောက် မြေကြီးထဲမှာ ပိနေနိုင်တဲ့သူတွေကို ကရိန်းတွေနဲ့ ရှာနေပါတယ်" ဟု ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ရဲ၊ မီးသတ်၊ ကြက်ခြေနီနှင့် အရပ်သားများ စုပေါင်းကာ မြေတူးစက် တစ်စီး၊ ကရိန်း နှစ်စီးဖြင့် ရှာဖွေရေးလုပ်ဆောင်နေပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးဟု ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲမှူးရုံးမှ ရဲမှူးမျိုးထွန်းဦးကပြောသည်။

7Day News Journal

မှတ်ချက်များ