ဈေးဝယ် ထွက်တဲ့အခါ ခွေးတွေထားနိုင်တဲ့နေရာ စီစဉ်ပေး




ဈေးဝယ်စင်တာတွေကို သွားတဲ့အခါ အိမ်မွေးခွေးတွေကို ယူဆောင်ခွင့်ပေးလေ့ မရှိပါဘူး။ ဒီပြဿနာကို ပြေလည်စေဖို့ အိမ်ထောင် ပရိဘောဂပစ္စည်းတွေ ထုတ်လုပ်နေတဲ့ ဆွီဒင်အခြေစိုက် အိုင်အေအီးကေ ကုမ္ပဏီက ဖြေရှင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ တကယ်လို့ ဈေးဝယ်သူအနေနဲ့ အိမ်မွေးခွေးကို ယူလာမိပါက စိတ်ပူစရာ မလိုတော့ဘဲ သတ်မှတ်ထားတဲ့ နေရာမှာ သွားထားလိုက်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ရှိ စတိုးဆိုင်တစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပြီး၊ လူမှုကွန်ရက်တွေမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စတိုးဆိုင်ကို ခွေးယူဆောင်မိပါက ခွေးတွေကို ကားပါကင်တွေလိုမျိုး သီးသန့် ထားနိုင်အောင် ပြုလုပ်ပေးထာခြင်း ဖြစ်ပါတယ်။ ခွေးတွေကို သူ့နေရာနဲ့သူ သန့်ရှင်းတဲ့ နေရာတွေမှာ ထားရှိပေးထားတာပါ။ အတုပြုလုပ်တဲ့ မြက်ခင်း ဖန်တီးထားတာ ဖြစ်ပြီး၊ ခွေးကို ချည်နှောင်ဖို့တိုင်၊ ရေခွက် စတာတွေကိုလည်း ထားရှိပေးထားပါတယ်။ ခွေးပိုင်ရှင်အနေနဲ့ ဈေးဝယ်ထွက်တဲ့အခါ ဘာစိုးရိမ်မှုမှ ရှိစရာမလိုအောင် ပြုလုပ် ပေးထားတာ ဖြစ်ပါတယ်။ အိုင်ကေအီးကေ ဟာ ၀ယ်ယူသူတွေအတွက် ထူးခြားတဲ့ အစီအစဉ်တွေကို ပြုလုပ်ပေးလေ့ရှိပြီး ပြီးခဲ့တဲ့လကလည်း သြစတြေးလျနိုင်ငံမှာ ကလေးသူငယ်များအတွက် သီးသန့်ကစားနိုင်တဲ့ နေရာတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။

ခွေးတွေကို သီးသန့် ထားနိုင်တဲ့နေရာ ဖန်တီးပေးထားခြင်းကို ခွေးပိုင်ရှင်တွေက ကြိုဆိုခဲ့ပါတယ်။ ခွေးတွေကို ကားထဲမှာ ထားပါက ပူလောင်တဲ့ ဒဏ်ခံရမှာဖြစ်ပြီး အခုအစီအစဉ်ကြောင့် ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ရှန်နာ အမည်ရ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။

The Messenger

မှတ်ချက်များ