ထူးခြားဆန်းပြား လူကူးမျဉ်းကျား မီးပွိုင့်များက ကမ္ဘာတစ်လွှား လမ်းကူးသူများကို လမ်းသွားရင်း ပျော်ရွှင် အမောပြေစေအောင် ဖန်တီးလို့ ပေးနေသည်။
ဟော်လန်
ဟော်လန် (နယ်သာလန်)မှာ အိမ်ပေါက်စေ့ သိသော မက်ဖီယုန်မလေး ကာတွန်းရုပ်သည် ကလေး လူကြီးအားလုံးကို ပျော်ရွှင်စေရုံ သာမက လမ်းကူးရာမှာလည်း အန္တရာယ် ကင်းအောင် စောင့်ရှောက်လို့ နေသည်။ ယူထရာချက်မြို့က ဗီယက်စထရက် လူကူးမျဉ်းကျား မီးပွိုင့်လေးတွင် မီးနီ မီးစိမ်း အမှတ်အသားသည် မက်ဖီယုန်ရုပ်လေးနဲ့ ဖြစ်သည်။ ထိုနေရာသည် မက်ဖီ ကာတွန်း ယုန်ရုပ်လေးကို မွေးထုတ်လိုက်သော ကာတွန်းဆရာ၏ ဇာတိဖြစ်သောကြောင့် ဂုဏ်ပြုထားခြင်း ဖြစ်သည်။
ပေါ်တူဂီ
ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က လမ်းသွား လမ်းလာများ လူကူးမျဉ်းကျားမှာ မီးပွိုင့်နီနေလို့ စောင့်နေရင် ပျင်းစရာ မဖြစ်ရအောင် ဖျော်ဖြေရေး ရှိသည်။ မီးပွိုင့်အနီကို ကြည့်လိုက်ပါ။ ရိုးရိုးအနီမဟုတ်။ ကနေသော လူရုပ်နီဖြစ်၏။ လမ်းကူးဖို့ စောင့်ရင်း လူရုပ်နီလေးနဲ့ တူတူကချင် ကနေနိုင်သည်။ ကနေသော လူရုပ်နီလေးသည် လစ္စဘွန်းမြို့ တစ်ဝန်းက ညဘက် အရက်ဘားများမှာ ပျော်ရွှင်မြူးကြွခုန်ဆွဖို့ သွားမည့်သူများ၊ ပြန်လာသည့် သူများနှင့်လည်း စည်းဝါး ကိုက်လို့နေသည်။
ဂျာမနီ
ကျွန်ုပ်တို့ လူကူး မျဉ်းကျားရောက်လို့ မီးနီနေတုန်း လမ်းကူးဖို့ စောင့်ရင် ဘာလုပ်ကြသနည်း။ အများစုကြီးကား ဖုန်းနဲ့ အလုပ်ရှုပ်ကြတော့သည် မဟုတ်လား။ ဂျာမနီနိုင်ငံ ဟီလ်ဒဲရှိမ်းမြို့မှာ နေသူများကား လမ်းကူးဖို့ စောင့်ရင်း ပင်ပေါင်ရိုက်လို့ရပြီ။ မျဉ်းကျား တစ်ဖက်ခြမ်းမှာ အလားတူ စောင့်နေသူနဲ့ ပင်ပေါင်ရိုက်နိုင်၏။ မီးပွိုင့်တိုင်မှာ စက်ကလေး တပ်ဆင်ပေးထားသည်။
ထိုစက်ကလေးသည် ဂိမ်းစက် ကလေးနှယ်ဖြစ်၏။ တစ်ဖက်နှင့် တစ်ဖက် ဂိမ်းထဲမှာ အပြန်အလှန် ပင်ပေါင် ရိုက်ကစားနိုင်သည်။ ကစားရင်း ဈာန်ဝင်သွားကာ မီးစိမ်းတာ သတိမထားမိမှာလည်း ပူစရာမလို။ မီးစိမ်း သွားသည်နှင့် လမ်းကူးလို့ရပြီ ဆိုတာ ပင်ပေါင်ဂိမ်း ဖန်သားပြင်မှာ အချက်ပေးလိမ့်မည်။
ဒိန်းမတ်
ကမ္ဘာကျော် အန်ဒါဆင်း ပုံပြင်များကို ရေးသားသူ ဟန်းခရစ်ရှန် အန်ဒါဆင်းသည် ဒိန်းမတ် နိုင်ငံသားဖြစ်ရာ အန်ဒါဆင်းကို ဂုဏ်ပြုသော လူကူးမျဉ်းကျား မီးပွိုင့်လေးများလည်း ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် မှာရှိသည်။ ဥရောပသားစတိုင် သပ်သပ် ရပ်ရပ် ၀တ်စားထားပြီး ဦးထုပ်မြင့် ဆောင်းထားသော အန်ဒါဆင်းပုံ မီးပွိုင့်လေးက တုတ်ကောက်လေး ထောင်ကာ ထောင်ကာနဲ့ လမ်းမကူးနဲ့ဦး၊ လမ်းကူးနိုင်ပြီ ဆိုတာ အချက် ပေးလိမ့်မည်။
ကိုပင်ဟေဂင်၏ လမ်းကူး မီးပွိုင့်များသည် သင်္ကေတ အမျိုးအစားလည်း စုံလင်သည်။ သွားရင်းလာရင်း မေတ္တာစိတ် သွင်းထားကြဖို့ အတွက် မီးပွိုင့်မှာ အသည်း ပုံလေးမျိုးလည်း လုပ်ထားသည်။
ဂျပန်
ဂျပန်သည် ထူးခြားဆန်းပြား ပစ္စည်း ဆန်းများစွာ၊ လူမှုစတိုင်များစွာ ရှိသော နိုင်ငံအဖြစ် ထင်ရှား၏။ ထိုအထဲတွင် ထူးခြားဆန်းပြား လူကူးမီးပွိုင့်များလည်း မပါမပြီး ဖြစ်သည်။ ဂျပန်မှာ ယိုကိုဟားမားမြို့ဆို လျှင် စက်ရုပ်နည်းပညာ အထွန်းကားဆုံး မြို့အဖြစ် လူသိများသည်။ ယိုကိုဟားမားကိုပင် နာမည် နောက်တစ်မျိုးအားဖြင့် စက်ရုပ်မြို့ဟု ခေါ်တွင်နေကြသည်။ မြို့ဂုဏ် သတင်း နှင့် လိုက်ဖက်အောင် မြို့အုပ်ချုပ်ရေး အဖွဲ့က လမ်းကူး မီးပွိုင့်ကိုပါ ဆန်းသစ်လိုက်သည်။ ဂျပန်မန်ဂါ ကာတွန်းများထဲက ကမ္ဘာကျော် “ဒီလုံး” မိုးပျံ ဇာတ်ကောင်လေးကို လမ်းကူး မီးပွိုင့်မှာ ၂၀၁၄ ခုနှစ်က စတင် ထည့်သွင်း အသုံးပြုထားသည်။ မီးပွိုင့်ကို တစ်နေရာတည်းမှာသာ လုပ်ထားသည်။
ထိုနေရာကိုလည်း လျှို့ဝှက်ထားသည်။ မြို့ခံများရော၊ ဂျပန် နိုင်ငံသားများ သာမက ကမ္ဘာလှည့်များပါ ယိုကိုဟားမား ရောက်လျှင် ဒီလုံးလမ်းကူး မီးပွိုင့် လိုက်ရှာရတာ ပျော်စရာ အမှတ်ရစရာ တစ်ခုဖြစ်သည်။
The Messenger


မှတ်ချက်များ