ရေပူဆရာတော်အား ရုံးပြောင်းစစ်ရန် ရုံးပြောင်းမိန့်တင်
မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား ရုံးပြောင်း စစ်ဆေးရန် အတွက် ယနေ့ ရုံးပြောင်းမိန့် တင်ထားကြောင်း ဆရာတော်၏ ရှေ့နေ ဦးဆန်းထွန်းအောင်က ပြောသည်။ ရေပူကျောင်း ဆရာတော်အား ဇွန်လ (၉)ရက်နေ့ ည(၁၀) နာရီခန့်က တရားမ၀င် ကျောက်မျက် တူးဖော်သည့် အတွက် ပုဒ်မ၁၄ (က) (ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည့် အပြင် စေတီတော် ဖြိုဖျက်မှု ပုဒ်မ ၂၉၅၊ သစ်တော ဥပဒေ ပုဒ်မ၄၂(ခ) တို့ဖြင့်လည်း ထပ်မံအမှုဖွင့် ထားသည်။ ““ပုဒ်မ ၂၉၅ နဲ့ ၄၂(ခ) အတွက် ရုံးပြောင်း လျှောက်ထားတယ်။ အရင်တစ် ခေါက်က တွေ့ခွင့်မရဘူး။ ခုတစ်ခေါက်တော့ တွေ့ခွင့်ရတယ်။ အမှုတွဲဖိုင်လည်း တောင်းထားတယ်””ဟု ဆရာတော်၏ ရှေ့နေ ဦးဆန်းထွန်းအောင်က ပြောသည်။
ဆရာတော်အား ဇူလိုင်လ(၇)ရက်နေ့တွင် ပြင်ဦးလွင် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့စဉ်က ဆရာတော်နှင့် တွေ့ခွင့် တောင်းသော်လည်း တွေ့ခွင့်မရခဲ့ပေ။ယနေ့ ဒုတိယအကြိမ် ရုံးတွင် ဆရာတော်နှင့် ဆရာတော်၏ ဒကာ၊ ဒကာမများ တွေ့ခွင့် ရရှိခဲ့သည်။
““ကျွန်တော်တို့က မိုးကုတ်ကနေ ပြင်ဦးလွင်ကို တကူးတက လာပြီး ဆရာတော်နဲ့ တွေ့ ခွင့်မရဘူးဆို အဆင်မပြေဘူး။ ခုလို ဆရာတော်နဲ့ တွေ့ခွင့်ပေးတော့ ကောင်း တယ်။ မှာချင်တာ မှာလို့ ရတယ်””ဟု ဆရာတော်၏ ဒကာရင်းဖြစ်သူ ကိုစိုးဌေးက ပြောသည်။ ရေပူဆရာတော်သည် မိုးကုတ်မြို့ ရေပူရပ် ရေပူကျောင်းအတွင်းရှိ ပျက်စီး ယိုယွင်းနေသော စေတီများအား စုပေါင်း၍ “ရာဇပူဇိတဓာတုသမုစယ”ဟူသော ဘွဲ့ဖြင့် ဓာတ်ပေါင်းစေတီ တည်ရန်အတွက် ယင်းစေတီများအတွင်းရှိ ဌာပနာဓာတ်တော်များ ကျန်ရစ်ခဲ့ခြင်းမရှိစေရန် ဆောင်ရွက်နေသည်ကို ကျောက်မျက်တရားမ၀င် တူးဖော်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည်။
ယင်းဓာတ်ပေါင်းစု စေတီတည်ရန် အတွက်လည်း မိုးကုတ်မြို့ သံဃာ့နာယက အဖွဲ့မှ ခွင့်ပြုပေးခဲ့ပြီး ဒေသခံရွာ သူရွာသား များမှကလည်း ကန့်ကွက်ခြင်းမရှိဘဲ ထောက်ခံခဲ့ကြသည်။
ထို့အတွက်ကြောင့် ရေပူဆရာတော် အမြန်ဆုံး လွှတ်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း၊ လက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍လည်း ဆရာတော် ပြန်လွှတ်ပေးရေးအား လှုပ်ရှားမှုများဖြင့် တောင်းဆို သွားမည်ဖြစ်ကြောင်း မိုးကုတ်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစိုဌေးက ပြောသည်။
ရေပူဆရာတော်သည် မိုးကုတ်မြို့တွင် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအား ဦးဆောင်လှုပ်ရှားခဲ့သည့် အပြင် မိုးကုတ်မြို့၏ အထင်ကရ မိုးကုတ်အင်း ပြန်လည်တူးဖော် သန့်ရှင်းစေရန်နှင့် အဆိုပါ အင်းအတွင်း အဆောက်အဦများ တည်ဆောက်နေမှုများအား ဦးဆောင်ကန့်ကွက် ခဲ့သည်။
The Messager

မှတ်ချက်များ