မန္တလေးတိုင်းတွင် (၆)လအတွင်း (၁၄၂)ကြိမ် မီးလောင်၊ ပေါ့ဆမီး အများဆုံးဖြစ်
မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လအထိ မီးလောင်မှုအကြိမ် စုစုပေါင်း(၁၄၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ မီးလောင်မှုများတွင် အိမ်ခြေ (၂၆၁)လုံးနှင့် ဂိုဒေါင်နှစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး၊ (၁၇)ဦး ဒဏ်ရာရကာ ငါးဦး သေဆုံးခဲ့သည်။ ထိုသို့ မီးလောင်မှုများကြောင့် မီးဘေးဒုက္ခသည် (၁၁၂၅)ဦး ရှိခဲ့သည်။
“ကျွန်တော်တို့က ဖြစ်ပွားတဲ့နေရာကို အချိန်နဲ့ တစ်ပြေးညီ ရောက်အောင် လုပ်ဆောင်ပါတယ်။ မီးသတ်နဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ပြီးတော့ သင်တန်းတွေလည်း ပေးနေပါတယ်”ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုများတွင် ပေါ့ဆမီးမှာ အများဆုံးဖြစ်ပြီး၊ (၅၅)ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် မီးဖိုမီး (၃၃)ကြိမ်၊ အလိုအလျှောက်မီး နှစ်ကြိမ်၊ လျှပ်စစ်မီး (၃၂) ကြိမ်၊ မသမာသူ ရှို့မီး (၁၇)ကြိမ်နှင့် တောမီး သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီး ဌာန၏ စာရင်းဇယားများအရ သိရသည်။
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လ အထိ မီးလောင်မှု စုစုပေါင်း (၁၄)ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အဆောက်အအုံ (၂၀၄)လုံး ပျက်စီး၍ (၁၈)ဦး ဒဏ်ရာရရှိကာ သေဆုံးသူ မရှိခဲ့ပေ။ အဆိုပါ မီးဘေးကြောင့် မီးဘေးဒုက္ခသည် (၆၉၄)ဦး ရှိခဲ့သည်။
The Messager

မှတ်ချက်များ