သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ ငွေနှင့် ပစ္စည်းများ လုယူ
ပြင်ဦးလွင်မြို့နယ်တွင် သတ်ပစ်မည်ဟု ပြောဆို၍ ငွေနှင့်ပစ္စည်း လုယူမှု ဖြစ်ပွားခဲ့သည်။
ယခုလ(၁၅)ရက်နေ့ ည(၁၀) အချိန်တွင် မခိုင်လေး (၁၈)နှစ်သည် သူငယ်ချင်း ဖြစ်သူ သက်ဝေအောင်(၁၈)နှစ်နှင့် အတူ ပြင်ဦးလွင်မြို့၊ ဂန္ဓမာ အ၀ိုင်းဘက်မှ ကန်တော်ကြီး ဥယျာဉ်ဘက်သို့ မောင်းနှင်လာစဉ် ကန်တော်ကြီး ကန်ဘောင်အနီး အရောက်၌ မျက်နှာများအား Mask အုပ်ထားသည့် အမည်မသိ (လူမြင်လျှင်မှတ်မိသူ) အသက်(၂၀)ခန့်ရှိ လူငယ် (၃/၄)ဦး ခန့်မှ ဆိုင်ကယ်သုံးစီးဖြင့် လမ်းအား ပိတ်ရပ်၍ ၎င်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်ခိုင်းခဲ့သည်။
၎င်းတို့မှ ဆိုင်ကယ်အား ရပ်ပေးစဉ် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး သက်ဝေအောင်၏ ဂျင်းဘောင်းဘီ အိတ်ကပ် အတွင်း ထည့်ထားသည့် သားရေ ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် လေးသောင်းအား နှိုက်ယူပြီး မခိုင်လေး၏ လည်ပင်းတွင် ဆွဲထားသော ရွှေဘယက်တစ်ကုံး တန်ဖိုး သုံးသိန်းနှစ်သောင်းကျပ် လက်တွင် ကိုင်ထားသည့် ဖုန်းတစ်လုံးတို့အား ဆွဲယူပြီး ကန်တော်ကြီး ဥယျာဉ်ဘက်သို့ ဆိုင်ကယ်များဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
ယခုလ(၁၆)ရက်နေ့တွင် မခိုင်လေးက တိုင်စာပေးပို့ တိုင်တန်းခဲ့သဖြင့် မြို့မစခန်း (ပြင်ဦးလွင်) (ပ)၁၆၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၂အရ အမှုဖွင့်ပြီး၊ တရားခံဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိသည်။
The Messager

မှတ်ချက်များ