လူနေရပ်ကွက်အတွင်း ကွန်ကရစ်ဖျော် စက်ရုံ တည်ဆောက်မှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သွားမည်
မုံရွာမြို့ လယ်တီ ရပ်ကွက်အတွင်း တည်ဆောက်မည့် ကွန်ကရစ်ဖျော်စက်ရုံ တည်ဆောက်နေမှုကို လူနေရပ်ကွက်များ အနီးတည်ဆောက်ခြင်း မပြုလုပ်ရန်အတွက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
အဆိုပါ ကွန်ကရစ်ဖျော်စက်ရုံ တည်ဆောက်မှုအား မုံရွာမြို့ လယ်တီရပ်ကွက် အတွင်းရှိ စည်ပင်ပိုင် ( ဒသမ ၇၅) ဧကရှိ မြေနေရာပေါ်တွင် စက်ရုံ တည်ဆောက်သွားမည် ဖြစ်ပြီး၊ ယင်းသို့ တည်ဆောက်နိုင်ရန် အတွက် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုး ခတ်ခြင်းများကို စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
“ကွန်ကရစ်ဖျော် စက်ရုံ ဆောက်တာကို ကန့်ကွတ်တာ မဟုတ်ပါဘူး။ စက်ရုံက လူနေရပ်ကွက်ထဲမှာ ဆောက်မှာကို မလိုလားလို့ပါ။ ပြီးတော့ စာသင်ကျောင်းနဲ့လည်း နီးတယ်။ စက်ရုံက ထွက်လာမယ့် ဘေးထွက်ဆိုးကျိုးကို မသိနားမလည် သေးတဲ့ ကလေးတွေကို မခံစားစေချင်လို့ပါ။ တခြားသင့်လျော်တဲ့ နေရာမှာ စက်ရုံ ဆောက်ဖို့ကို ရပ်ကွက်နေ ပြည်သူတွေက တင်ပြသွားမယ်။ တကယ်လို့ သက်ဆိုင်ရာက လက်မခံဘူးဆိုရင်တော့ ဆန္ဒထုတ်ဖော် တောင်းဆိုသွားမယ်”ဟု လယ်တီရပ်ကွက် အတွင်း နှစ်ပေါင်း(၃၀)ကျော် နေထိုင်နေသူ တစ်ဦးက The Messenger Media သို့ ပြောသည်။
ယင်းသို့ ကွန်ကရစ်ဖျော် စက်ရုံ တည်ဆောက်မည့် မြေနေရာသည် ယခင်က ရပ်ကွက်အတွင်းရှိ ကလေးငယ်များ ဘောလုံး ကစားနေသည့် နေရာတစ်ခုဖြစ်ပြီး၊ ယခုအခါ စက်ရုံတည်ဆောက်ရန် လျာထားမှုကြောင့် ဘောလုံးကစားရန် အတွက် မြေနေရာများ ပျောက်ဆုံးသွားခဲ့ရကြောင်း ၎င်းထံမှ သိရသည်။
“တစ်မြို့လုံးက လမ်းတွေခင်းရင် လိုအပ်တဲ့ကွန်ကရစ်ကို ရနိုင်အောင်လို့ တည်ဆောက် ပေးသွားမှာပါ။ ဘယ် ကုမ္ပဏီ၊ ဘယ်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကြောင့် တည်ဆောက်မှာ မဟုတ်ပါဘူး။ ကျန်းမာရေး ဆိုးရွားမှု မဖြစ်နိုင်အောင်လို့ တည်ဆောက်ပေး သွားမှာပါ”ဟု စည်ပင်ဝန်ကြီး ဦးတင့်လှိုင်မြင့်က The Messenger Media သို့ ပြောသည်။
The Messager
မှတ်ချက်များ