လေးကြိမ်တင်ပြီးမှ ရိုက်ခွင့်ရတဲ့ ငဘ


စာရေးဆရာကြီး မောင်ထင်၏ ငဘ ၀တ္ထုကို ဇာတ်လမ်း ရိုက်ကူးခွင့် လေးကြိမ် တင်ခဲ့ပြီးမှ ရိုက်ကူးခွင့် ရခဲ့ကြောင်း ဒါရိုက်တာ ခင်စောမျိုးက ပြောပါတယ်။

“ကျွန်တော်က ဒီဇာတ်လမ်းကိုရိုက်ဖို့ ခဏခဏ ဇာတ်လမ်း တင်ပါခဲ့တယ်။ သုံးကြိမ် သုံးခါတင်တယ်။ ဒါပေမဲ့ ပယ်ချလိုက်တယ်။ ဒါကတော့ လေးကြိမ်မြောက် တင်လိုက်တာ။ အခုတော့ ရပြီပေါ့။ စနစ်ပြောင်းသွားလို့လား မသိဘူး။ ဇာတ်လမ်း ရိုက်ခွင့် ရလာတယ်။ ဇာတ်လမ်း မက်ဆေ့ခ်ျကတော့ လယ်သမားတွေက ကိုလိုနီခေတ်ကလည်း ဆင်းရဲမှုဒဏ်ကို ခါးစည်းခံရတယ်။ ဂျပန် ခေတ်မှာလည်း ခံရတယ်။ ဒီခေတ်မှာရော ခါးစည်း ခံနေရသေးလားဆိုတာကို ဒီကားကနေ ပရိသတ်က ဆုံးဖြတ်ပေးသွား ပါလိမ့်မယ်။ ငဘ အတွက်ကိုတော့ ကိုကျော်သူကို ရွေးလိုက်တယ်။ 

ငဘ ကလည်း သျှောင်တစ်စောင်း ချည်းနဲ့ဆိုတော့ သူနဲ့လည်း လိုက်ဖက်လို့ ရွေးလိုက်တာပါ။ ဇူလိုင်လ (၂၂) မှာတော့ ဂျပန် ကင်ပေတိုင်တွေကို ရိုက်မယ်။ အဲဒါပြီးရင် ပုဂံနဲ့ပုပ္ပားမှာ ရိုက်မယ်။ ရိုက်ကူးရေးကတော့ ရက်(၃၀)ရက်လောက် ရိုက်မယ်။ အဓိကတော့ လယ်သမားတွေရဲ့ ဖိနှိပ်ခံဘ၀တွေကို ပြည်သူတွေလည်း သိအောင် ခေတ်အဆက်ဆက် ဘယ်လိုတွေ ခံလာရလဲဆိုတွေကို သိရမှာပေါ့။ ပြီးတော့ ငဘရဲ့ လမ်းကြောင်း မလွဲအောင် ရိုက်ရမှာ၊ လမ်းကြောင်းလွဲသွားရင် လုံးဝ တစ်ခုလုံး လွဲသွားမှာ။ကျွန်တော် သေချာလေးကို ရိုက်မယ်။ ရေးထားတဲ့ ၀တ္ထုထဲ အတိုင်း၊ အဲဒီ အငွေ့အသက်အတိုင်း ပုံဖော်မှာပါ”လို့ ဒါရိုက်တာ ခင်စောမျိုးက ပြောပါတယ်။

ငဘ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ကျော်သူ၊ ကျော်ရဲအောင်၊ မင်းဦး၊အကယ်ဒမီ စိုးမြတ်သူဇာ၊ အေးမြတ်သူ တို့နှင့် အခြား အနုပညာရှင်ပေါင်းစွာ ပါဝင် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာ ခင်စောမျိုးသည် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား (၂)ကိုလည်း ရိုက်ကူးမယ်လို့ သိရပါတယ်။

The Messager

မှတ်ချက်များ