အမေရိကကို ကိုလံဘတ်စ်ထက် ဦးပြီး တရုတ်တွေ အရင် ရှာတွေခဲ့တာများလား


အမေရိကကို အဦးဆုံး ရှာဖွေ တွေ့ရှိသူမှာ အီတလီ နိုင်ငံသား ခရစ္စတိုဖာ ကိုလံဘတ်စ်ဟု သမိုင်း စာအုပ်များမှာ ပြီးခဲ့သည့် ရာစုနှစ်များစွာ ဖော်ပြလာခဲ့ကြသည်။ အားလုံးကလည်း တညီတည်း လက်ခံထားကြသည်။ သို့သော် အမေရိကန် တစ်ဝန်း ကျောက်သားများမှာ ထွင်းထားသော စာလုံးများ အရမူ ကိုလံဘတ်စ်ကို သမိုင်း စာအုပ်ထဲက ကန်ထုတ်ရမလို ဖြစ်လာပြီ။အမေရိကကို တရုတ်တွေ စတွေ့ခဲ့သည်။ ကိုလံဘတ်စ်ထက် နှစ်ပေါင်း ထောင်ချီ စောပြီး တရုတ်တွေ အမေရိက မြေပေါ် ခြေချခဲ့ကြသည်ဟု မြေပြင် အထောက်အထားများက ဆိုနေကြပြီ။

ဥရောပ ခရီးသွားများထက် နှစ်ပေါင်း ထောင်ချီစောပြီး တရုတ် ခရီးသွားများက အမေရိက တိုက်ပေါ် ခြေချခဲ့ကြကြောင်း အမေရိက တိုက်တစ်ဝန်း ကျောက်တုံးများမှာ ထွင်းထားသော ရှေးဟောင်း တရုတ်စာများက သက်သေ ခံနေသည်။ အချို့သော ကျောက်ထွင်း လက်ရာများသည် မူလ အမေရိကန် တိုင်းရင်းသားများ၏ လက်ရာများနှင့် အပြိုင် ထွင်းထားသည်ကိုပင် တွေ့ရသည်။

အီလီနွိုက်မှ ကျောက်ထွင်း လက်ရေးစာများ ဆိုင်ရာ ကျွမ်းကျင်သူ ဂျွန်ရက်ရှ်ကမ့်သည် အမေရိကန် နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် အယ်ဘူခွာချူရှိ ရှေးဟောင်း ကျောက်ထွင်း ပုံနှင့်စာများ ရှိသော ပီထရို ဂလိုက်ဖ် အမျိုးသား အထိမ်းအမှတ် လက်ရာများကို လှည့်လည် ကြည့်ရှုနေစဉ် တရုတ်စာလုံးများကိုပါ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ထိုတရုတ်စာလုံး လက်ရာများသည် ဘီစီ (၁၃၀၀) ခန့်က လက်ရာများ ဖြစ်မည်ဟု မစ္စတာ ရက်ရှ်ကမ့်က ခန့်မှန်းထားသည်။ ၁၄၉၂ ခုနှစ်တွင် ကာရစ်ဘီယန် ပင်လယ်ထဲ ပထမဆုံး စရောက်ပြီး အမေရိကကို မထင်မှတ်ဘဲ တွေ့ရှိခဲ့သော ဥရောပသား ကိုလံဘတ်စ်ထက် နှစ်ပေါင်း (၂၈၀၀) မျှ စောနေချေသေး၏။
ခရစ်္စတိုဖာ ကိုလံဘတ်စ် အမေရိက မရောက်ခင်ကတည်းက ကမ္ဘာသစ်ဟု အမည် တပ်ခံရသော အမေရိကနှင့် အရှေ့ အာရှကြား ကုန်သွယ် လမ်းကြောင်းများ ရှိနေပြီ ဖြစ်ကြောင်း သမိုင်း ဆရာများကလည်း ဆိုလိုက်သည်။ အလာဆကာ ပြည်နယ် နေရာရှိ ကိပ်အက်စ်ပန်းဘာ့ဂ်ျတွင် ကြေးထည်ပစ္စည်း အများအပြားကို တွေ့ထားသည်။

ထိုနေရာတွင် တွေ့ရသော ကြေးထည် ပစ္စည်းများ၊ လယ်သာရေအိတ်၊ ကြေးခရာများသည် အေဒီ (၆၀၀) ခန့်က ဖြစ်သည်ဟု ပညာရှင်များက အတည် ပြုထားနိုင်ပြီ။ ထိုအချိန်က အလာဆကာတွင် ကြေးထည် လုပ်နိုင်သော အနေအထား မရှိသေး။ ထိုကြေးထည်များသည် တရုတ်၊ ကိုရီးယားနှင့် ရုရှားဒေသများမှ လာခြင်း ဖြစ်လိမ့်မည်ဟု ပညာရှင်များက ဆိုထားသည်။““အလာဆကာ ဒေသနဲ့ “ ယဉ်ကျေးမှုမြင့် လူ့အဖွဲ့အစည်း” တွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ ရုရှားတို့ကြား ကုန်သွယ်လမ်းကြောင်း အဆက်အစပ်တွေကို က၊ွန်တော်တို့ တွေ့ထားပါတယ်””ဟု ကော်လိုရာဒို တက္ကသိုလ်မှ တွဲဖက် သုတေသန ပညာရှင် အိုဝန်မာဆန်က ပြောသည်။

““မြောက်အမေရိက တစ်ဝန်း ကျောက်သားတွေမှာ တွေ့ရတဲ့ တရုတ် ရှေးဟောင်း စကားလုံးတွေရဲ့ ကျောက်ထွင်းသားကို ကြည့်ရုံနဲ့ အလွန်ရှေးကျတယ် ဆိုတာ သိနိုင်တယ်။ ပြီးတော့ တရုတ် စကားလုံးတွေဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီက သုံးခဲ့တဲ့ စာလုံးတွေ ဖြစ်နေတယ်”” ဟု မစ္စတာမာဆန်က ဆက်လက် ပြောကြားသည်။ကျောက်သား အထောက်အထားများ၊ အခြား သိပ္ပံနည်းကျ တွေ့ရှိချက်များ အရကား တရုတ်များသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော် ကတည်းက အမေရိက မူလ တိုင်းရင်းသားများနှင့် ကူးလူး ဆက်ဆံမှုများ ရှိနေပြီဟု ကောက်ချက် ချစရာရှိကြောင်း မစ္စတာမာဆန်က ပြောသည်။

အမေရိကကို တရုတ်တွေ စတွေ့သည်ဟု ထောက်ပြစရာသည် ကျောက်ထွင်း စာလုံးများသာ ရှိသေးကြောင်း၊ ရှေးဟောင်း သုတေသန ရှုထောင့်အရ ကြည့်ပါက အခြားသော သက်သေခံ ပစ္စည်းမျိုးတွေ မရှိသေးသဖြင့် အမေရိကကို တရုတ်တွေ စတွေ့သည်ဟု သတ်မှတ်ရန် မဖြစ်နိုင်သေးကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ဝေဖန်လျက်ရှိသည်။အီလီနွိုက်မှ ကျောက်ထွင်း လက်ရေးစာများ ဆိုင်ရာ ကျွမ်းကျင်သူ ဂျွန်ရက်ရှ်ကမ့်ကလည်း ကျောက်ထွင်း တရုတ်စာလုံးများကို ထောက်ခြင်းဖြင့် အမေရိက တိုင်းရင်းသားများနှင့် တရုတ်များ ထို့ထက် နှစ်ထောင်ချီ စောစောကတည်းက အဆက်အဆံ ရှိခဲ့ရမည်ဟု ဆိုလိုက်သည်။

အမေရိကန် တစ်ဝန်း နယူးမက္ကစီကို၊ ကယ်လီဖိုးနီးယား၊ အိုကလာဟိုးမား၊ ယူးတား၊ အရီဇိုးနားနှင့် နီဗားဒါးတို့တွင် ရှာဖွေ တွေ့ရှိထားသော ကျောက်ထွင်း တရုတ်စာလုံး (၈၄) ခုကို မစ္စတာ ရက်ရှ်ကမ့်က တင်ပြသည်။ တရုတ် ရှေးစာလုံး ကျွမ်းကျင် သူများကလည်း ထိုစာလုံးများသည် နှစ်ပေါင်း ထောင်ချီက သုံးစွဲခဲ့ပြီး တိမ်ကောခဲ့ပြီ ဖြစ်သော စာလုံးများ ဖြစ်သည်ဟု ဆိုထားကြသည်။ အယ်ဘူခွာ ချူရှိတွင် မစ္စတာ ရက်ရှ်ကမ့် တွေ့ခဲ့သော စာလုံးများသည် ရှန်မင်းဆက်ခေတ် (၁၇၆၀-၁၅၂၀ ဘီစီ) စာလုံးများ ဖြစ်မည်ဟု ပညာရှင်များက မှန်းထားသည်။

ပီထရိုဂလိုက်ဖ် အမျိုးသား အထိမ်းအမှတ် လက်ရာ များထဲတွင်လည်း ခွေး၊ ပန်း၊ မြေကြီး စသည်တို့ကို ရည်ညွှန်းသော ရှေးဟောင်း တရုတ်စာလုံးများ ပါဝင်နေကြောင်း မစ္စတာ ရက်ရှ်ကမ့်က ပြောသည်။ အရီဇိုးနားရှိ သစ်တော ကြိုးဝိုင်း တစ်ခုအတွင်း၌လည်း ဘီစီ (၅၀၀)ခန့်ကဟု ခန့်မှန်းရသော တရုတ်စာလုံးများ တွေ့ရပြီး ဆင်ကို ရည်ညွှန်းသော စာလုံးများ ဖြစ်ကြောင်း သိရသည်။နီဗားဒါး ပြည်နယ် ဂရိပ်ဗိုင်း ချောက်ကမ်းပါးတွင် တွေ့ရသော “သွား”ကို ရည်ညွှန်းသည့် တရုတ် စာလုံးက ဘီစီ (၁၃၀၀) ခန့်ကတည်းက ရေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်လက် ထောက်ပြသည်။

အရီဇိုးနားမှာ တွေ့ရသော ကျောက်ထွင်း တရုတ်စာ တစ်ခုတွင်လည်း ““လွန်ခဲ့သော ဆယ်နှစ်က တွေ့ဆုံပြီးနောက် ခွဲခွာခဲ့ကြသည်။ နောက်ဆယ်နှစ် နေလျှင် ပြန်တွေ့မည်ဟု ကတိထားသည့် အတိုင်း ယခု ပြန်တွေ့ကြပြီ။ ခရီးစဉ် အောင်မြင်သည်”” ဟု တရုတ် ရှေးဟောင်း ဘာသာဖြင့် ရေးထားသည်။
မစ္စတာရက်ရှ်ကမ့်သည် အမေရိက တိုက်ပေါ်မှ ရှေးဟောင်း တရုတ် သက်သေခံများ အကြောင်း စာတမ်း တစ်စောင် ပြုစုထားသည်။ ထိုစာတမ်းကို ယခုအခါ ပညာရှင်များအား ပြသကာ စစ်ဆေးမှု ခံယူထားဆဲ ဖြစ်သည်။ ကျောက်ထွင်း စာလုံးများကိုလည်း အတုလား အစစ်လား သိနိုင်အောင် သိပ္ပံနည်းကျ စစ်ဆေးသွားမည် ဖြစ်ပြီး လက်ရှိ လေ့လာမှု အရပင် အတု ဖြစ်နိုင်ခြေ အလွန်နည်းကြောင်း မစ္စတာ ရက်ရှ်ကမ့်က ပြောသည်။

မစ္စတာ ရက်ရှ်ကမ့် တွေ့ရှိထားသော ကျောက်ထွင်း တရုတ် စာလုံးများကို အဓိပ္ပာယ် ဖော်ဖို့ ဘာကလီ ကယ်လီဖိုးနီးယား တက္ကသိုလ် မှ တရုတ် ယဉ်ကျေးမှုဆိုင်ရာ အထူး ကျွမ်းကျင်သူ ဒေါက်တာ ဒေးဗစ်နိုက်တလေ ကလည်း ကူညီမည်ဟု ကတိပြုထားသည်။ပီထရိုဂလိုက်ဖ် အမျိုးသား အထိမ်းအမှတ် လက်ရာများ ထိန်းသိမ်း စောင့်ရှောက်ရေး စင်တာ အကြီးအကဲ ဒေါက်တာ မိုက်ကယ် မက်ဒရာနိုကလည်း မစ္စတာ ရက်ရှ်ကမ့် တွေ့ထားသော တရုတ် စာလုံးပုံများသည် ဒေသခံ မူလ အမေရိကန် တိုင်းသားများ၏ အရေးအသားပုံများနှင့် သဘောသွားချင်း လုံးဝ ရောယှက်ခြင်းမရှိဘဲ သီးခြား အဓိပ္ပာယ် ဆောင်နေကြောင်း တွေ့ရရာ တရုတ် လူမျိုးများက ရေးထိုးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။

messenger

မှတ်ချက်များ