၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လျှောက်ထားမှုနှင့် ပတ်သက်၍ မဲဆန္ဒနယ်မြေတစ်ခု အတွက် နှစ်ဦးနှုန်းဖြင့် အဆိုပြု တင်ပြရန်၊ ပါတီအောက်ခြေ အဆင့်ဆင့်သို့ ညွှန်ကြားထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က The Messenger Media သို့ ပြောသည်။
ထိုကဲ့သို့ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများအား အောက်ခြေမြို့နယ် အဆင့်များမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဇူလိုင်လ (၁၈) ရက်နေ့ ပေးပို့ရမည် ဖြစ်ကာ၊ ပါတီဗဟိုသို့ (၂၃) ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့က နှစ်ဦးနှုန်းနဲ့ အဆိုပြုခိုင်းတယ် ဆိုတာက တစ်ဦးက အရန်သဘောမျိုးပါ။ အောက်ခြေကနေ ပြီးတော့ အရည်အချင်းရှိပြီး သင့်လျော်လို့ တင်ပြလာတဲ့ အပေါ်မှာ အလုပ် အမှုဆောင် အဖွဲ့ကနေ စိစစ် ခွင့်ပြုသွားမှာပါ” ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။ပါတီ၏ လက်ရှိ အခြေအနေအရ ယခုလက်ရှိ လွှတ်တော်အတွင်း ရောက်ရှိနေသော ကိုယ်စားလှယ် အချိုးအစားအရ ၂၀၁၅ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာ၌ လူငယ်နှင့် လူလတ်ပိုင်း ကိုယ်စားလှယ် အများစု ပါဝင်လာနိုင်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ အနေနဲ့လည်း ကိုယ်စားလှယ်လောင်း အဆိုပြုဖို့ အတွက်ကို ဆွေးနွေးနေပါတယ်။ လုပ်ငန်း အဖွဲ့ထဲက လစ်လပ်သွားမယ့် တာဝန်တွေ အတွက် ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု NLD ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ တွဲဖက်တာဝန်ခံ ဒေါက်တာ ဝေဖြိုးအောင်က ပြောသည်။
NLD ပါတီ အနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို လူငယ်၊ အမျိုးသမီးနှင့် တိုင်းရင်းသား ဦးစားပေး ရွေးချယ်ရန် မူဝါဒ ချမှတ်ထားကာ ဇူလိုင်လ (၁၂) ရက်နေ့က ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများအား အောက်ခြေ အဆင့်ဆင့်သို့ ဖြန့်ဝေခဲ့ပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင်လ (၂၀) ရက်မှ သြဂုတ်လ (၈) ရက်အထိ နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့ရမည် ဖြစ်သည်။
messenger

မှတ်ချက်များ