မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနတစ်ခုအရ ရေရှည်ဆေးလိပ်သောက်သုံးသူများမှာ ရင်သားကင်ဆာဖြစ်ပွားသည့်အခါ သေဆုံးနိုင်ခြေ ပိုမိုမြင့်မားသည်ဟုဆိုပြီး ဆေးလိပ်အန္တရာယ်ကို မီးမောင်းထိုးပြသည့် အချက်အလက်သစ်တစ်ခု ဖြစ်ခဲ့သည်။ လေ့လာမှုတွင် ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီး ၈၀၀ ကျော်အနက် ဆယ်စုနှစ် ၂ ခုကျော် ဆေးလိပ်သောက်သုံးသူများမှာ ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက အဓိကအားဖြင့် ရင်သားကင်ဆာနှင့် အခြားအကြောင်းများကြောင့် သေဆုံးနိုင်ခြေ အနည်းဆုံး ၃ ဆပိုများသည်ကို တွေ့ခဲ့ရသည်။
အခြားလေ့လာမှုများမှာ ရင်သားကင်ဆာဝေဒနာရှင်များကြား အသက်ရှင်မှုနှင့် ဆေးလိပ်သောက်သုံးမှု ဆက်စပ်ပုံကို လေ့လာခြင်းဖြစ်ပြီး ယခုသုတေသနမှာ ဆေးလိပ်သောက်သုံးသည့် ကြာမြင့်ချိန်က ရင်သားကင်ဆာအပေါ် သက်ရောက်ပုံကို လေ့လာခြင်းဖြစ်သည်ဟု ဂျပန် နိုင်ငံ မီယာဂီကင်ဆာစင်တာဆေးရုံမှ ဒေါက်တာမာဆာအာကီ ကာဝါအီက ပြောကြားသည်။
ကမ္ဘာပေါ်တွင် ရင်သားကင်ဆာမှာ အမျိုးသမီးများတွင် အဖြစ်အများ ဆုံးကင်ဆာတစ်မျိုးဖြစ်သည်။ အမျိုးသမီး ၉ ဦးလျှင် ၁ ဦးနှုန်း ဖြစ်ပွားနိုင်ပြီး အသက်အရွယ်ကြီးလာချိန်တွင် ဖြစ်ပွားနိုင်ခြေ ပိုမြင့်လာသည်။ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်း အရက်သောက်ခြင်းနှင့် အပျိုဖော်ဝင်ချိန် စောခြင်းတို့ကလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားစေသည့်အချက် များဖြစ်သည်။

ယခုလေ့လာမှုတွင် ကာဝါအီနှင့်အဖွဲ့က မီယာဂီကင်ဆာစင်တာ၌ ၁၉၉၇ မှ ၂၀၀၇ အတွင်း ကုသမှုခံယူခဲ့သူ အမျိုးသမီး ၈၄၈ ဦး အား လေ့လာခဲ့ခြင်းဖြစ်သည်။ လက်ရှိဆေးလိပ်သောက်သုံးနေသူ အမျိုးသမီးများမှာ ရင်သားကင်ဆာကြောင့် ကုသမှုစတင်ခံယူစဉ် အသက်ပိုငယ်ကြပြီး ပျမ်းမျှ ၄၉ နှစ်ဖြစ်သည်။ ယခင်က ဆေးလိပ်သောက်သုံးခဲ့သူများမှာ စတင်ကုသမှုခံယူစဉ် ပျမ်းမျှအသက် ၅၃ နှစ်ရှိပြီး ဆေးလိပ်မသောက်သူများမှာ ၅၈ နှစ်ဖြစ်သည်။ လေ့လာမှုတွင် ပါဝင်သူများအား အနည်းဆုံး ၇ နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ၎င်းတို့ထဲ မှ ၁၃၂ ဦး ရင်သားကင်ဆာကြောင့် သေဆုံးခဲ့သည်။
KHTun - The Ladies News Journal
KHTun - The Ladies News Journal

မှတ်ချက်များ