ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ငမိုးရိပ်တမံ ရေပိုလွှဲမှ ရေများ ထုတ်လွှတ်မှုကြောင့် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသွားရာ လမ်းတစ်လျှောက်တွင် ရေလျှံမှုဖြစ်ပွားပြီး လှည်းကူးမြို့နယ်တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွား


ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ငမိုးရိပ်တမံ ရေပိုလွှဲမှ ရေများထုတ်လွှတ်မှုကြောင့် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသွားရာ လမ်းတစ်လျှောက်တွင် ရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“ရေတွေတက်နိုင်တယ်ဆိုပြီး သတင်းတွေကြားတဲ့အတွက် အဲ့ဒီနေရာကို သွားပြီးကြည့်တယ်။ အခု ငမိုးရိပ်တမံ ရေပိုလွှဲကနေ ရေတွေလွှတ်ထုတ်နေတဲ့အတွက် ရွာသာကြီး စိတ်ကျန်းမာရေး လမ်းတစ်လျှောက်မှာရှိတဲ့ ချောင်းတွေ၊ မြောင်းတွေက ရေတွေလျှံပြီး လမ်းတစ်လျှောက်ရေကြီးမှုတွေ ဖြစ်သွားတယ်” ဟု ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ကိုကျော်မြင့်က ပြောသည်။

ယခုကဲ့သို့ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ငမိုးရိပ်တမံမှ ရေများလွှတ်ချမှုအား ဒဂုံမြောက်ပိုင်းနှင့် ဒဂုံတောင်ပိုင်းတွင် နေထိုင်သူများသည် ရေကြီးရေလျှံမှု ဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိပြီး ယခုကဲ့သို့ ရေပိုလွှဲမှ ရေများလွှတ်ချမှုကို လိုက်လံအကြောင်းကြားမှုများ မရှိကြောင်းလည်း သိရသည်။

ထို့ပြင် လှည်းကူးမြို့နယ်အတွင်း ထောက်ကြန့်တိုးဂိတ်၊ ရန်ကုန်-ပဲခူးလမ်းနှင့် အမှတ်(၃)လမ်းဆုံနားအထိ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ယခင်နှစ်ထက် ဆိုးရွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ဒီနေရာက အမြဲတမ်းလိုလို ရေတက်နေကျပါ။ ဒါပေမဲ့ ဒီနှစ်က အရင်နဲ့မတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေတက်တာ ပိုများတယ်။ မနှစ်က ရေတက်တာ ကျွန်တော့်အိမ်ထဲကို ရေ၀င်ဖို့ တစ်တောင်လောက် လိုတယ်။ ဒီနှစ်တော့ ရေကအိမ်ထဲထိတောင် ရောက်နေပြီ” ဟု လှည်းကူးမြို့နယ်တွင် နေထိုင်သည့် ဦးဝင်းဇော်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ရေကြီးရေလျှံမှုအား ဒေသဆိုင်ရာ အာဏာပိုင်များက ကြိုတင်အသိပေးခြင်းများ ပြုလုပ်ထားခြင်း မရှိကြောင်း သိရသည်။

“ရေတက်နေတာက ၅ ရက်၊ ၆ ရက်လောက် ရှိပြီ။ တဖြည်းဖြည်းနဲ့ ရေတက်တာ မြန်လာတယ်။ ခုလို ရေတက်မယ်ဆိုတာကိုလည်း ရပ်ကွက်ထဲမှာ လိုက်ကြေညာတာမျိုးလည်း မရှိဘူး” ဟု လှည်းကူးမြို့နယ်အတွင်းရှိ ဆိုင်ကယ်မောင်းသမားတစ်ဦးက ပြောကြားသည်။

“ဒီနှစ်က ရေတက်တာ အများဆုံးပဲ။ မနှစ်က ဒီလိုမျိုး မဆိုးဘူး။ မိုးက ဒီအတိုင်း ဆက်ရွာမယ်ဆိုရင် ခုထက် အခြေအနေ ပိုဆိုးလာနိုင်တယ်” ဟု ရန်ကုန်-ပဲခူး ကားလမ်းရှိ ဈေးသည်တစ်ဦးက ပြောကြားသည်။

‪#‎SupportMyanmar‬
Eleven Eleven Media Group

မှတ်ချက်များ