မိဘသုံးမျိုး


ယခုတစ်ပတ် ဘာသာသာသနာ စာမျက်နှာတွင် မွန်ကျောင်း ဆရာတော် အရှင်ပညာသိရီ၏ ‘မိဘ သုံးမျိုး’စာစုအားဖော်ပြဖြစ်ပါသည်။

အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက် စား ပွဲခုံပေါ်မှာတင်ထားတဲ့ ဖန်ခွက်ကို လှမ်းယူနေတယ်။မကြာခင်မှာ ခွက်က ကလေးရဲ့ လက်ထက်ကြီးနေတော့ စက္ကန့်ပိုင်းလောက်မှာပဲ ခွက်က ကျကွဲသွားပါတယ်။ ကြမ်းပြင်ပေါ်မှာ ဖန်ခွက်အကွဲအပိုင်းအစတွေ ပြန့်ကျဲ နေပါလိမ့်မယ်။

ဖန်ခွက်ကျကွဲသံကြားတော့ ကလေးရဲ့မိဘက ကလေးအနား ရောက်လာတယ်။ ဒီလိုအချိန်မျိုးမှာ မိဘသုံးမျိုး ကွဲပြားသွားပါတယ်။

၁။ မိုက်မဲပြီး အသိဥာဏ်ပညာနည်းတဲ့မိဘ။
၂။ သနားကရုဏာမေတ္တာ ကြီးမားတဲ့မိဘ။
၃။ အသိဥာဏ်ပညာ ကြီးမားတဲ့မိဘဆိုပြီး သုံးမျိုး ကွဲပြားသွားပါတယ်။

မိုက်မဲပြီးအသိဥာဏ်ပညာနည်းတဲ့မိဘ
******************************************
၁။ ၄င်းမိဘသုံးမျိုးတွင် နံပါတ်တစ် အသိဥာဏ် နည်းပြီး မိုက်မဲတဲ့မိဘက သားသမီးထက် ဥစ္စာပစ္စည်း ကို ပိုတန်ဖိုးထားတဲ့အတွက် ဒေါသကြီးစွာဖြင့်

”အမ လေး …ကုန်ပါပြီတော် တေနာလေးတွေ တော်တော် ဂြိုဟ်မွှေတာပဲ”
ဒီခွက်က အလကားရတာမဟုတ်ဘူး ဂြိုဟ်ဆိုးလေးရဲ့။
နင်လုပ်တာနဲ့ ငါ့အိမ်ကခွက်တွေ ကုန်တော့မယ်။
လာစမ်း…တော်တော်ကမြင်းတဲ့ လက်။ ဖြန်း…ဖြန်း…ဖြန်း…ကဲမှတ်ပလား… နောက်လုပ်ဦးမလား။ ကဲဟယ်….ကဲဟယ် ”

”ကြောက်ပါပြီအမေကြီးရဲ့ နောက်မလုပ်တော့ ပါဘူး”

ကလေးငယ်ရဲ့ သနားစဖွယ်အသံကိုလည်း သနား ရမှန်းမသိ။ သက်မဲ့ဖြစ်တဲ့ပစ္စည်းကို တန်ဖိုးထားလွန်း တော့ သက်ရှိကို တန်ဖိုးထားရမှန်း မသိတော့ပေ။

သားသမီးနှင့် ကား၊ သားသမီးနှင့် စည်းစိမ်၊ သား သမီးနှင့်အိုးအိမ် ဘယ်အရာက တန်ဖိုးရှိသလဲမေးလျှင် သားသမီးက တန်ဖိုးရှိတယ်ပဲ အားလုံးကဖြေကြမှာ ပါ။ တကယ့်လက်တွေ့မှာတော့ သက်မဲ့ပစ္စည်းဝတ္ထုကို သာ တန်ဖိုးထားကြပေသည်။

သက်မဲ့က တန်ဖိုးပေး ဝယ်ရတော့ တန်ဖိုးရှိတယ်ထင်တာပေါ့။ သားသမီး ကြောင့် ဖန်ခွက်တစ်လုံးကွဲကြည့် သားသမီးကိုရိုက် မှာ သေချာပေသည်။

အဘယ်ကြောင့်နည်း။

ဖန်ခွက် တည်းဟူသော တန်ဖိုးကို ထည့်တွက်နေသောကြောင့် တည်း။
ပိုက်ဆံပေးပြီး အချိန်မရွေးပြန်ဝယ်လို့ရတဲ့ ဖန်ခွက်ကလေးတစ်လုံးအတွက်နဲ့ တန်ဖိုးဖြတ်မရတဲ့ ကိုယ့်သားသမီးကို အရှိုးရာထင်အောင် ရိုက်တတ်တဲ့ မိဘဟာ ဘယ်လိုမိဘမျိုးလဲ စဉ်းစားသင့်ပေ၏။

”သက် မဲ့နဲ့သက်ရှိ တကယ်တမ်းယှဉ်လာတဲ့အခါ သက်မဲ့ အပေါ် တန်ဖိုးထားမိလို့ ကြေကွဲဝမ်းနည်းစရာအဖြစ် နဲ့ကြုံခဲ့ရတဲ့ အဖြစ်ကလေးကို ဖေ့စ်ဘွတ်ခ်တွင် မကြာ ခဏဆိုသလို ဖတ်မိတဲ့ သင်ခန်းစာယူစရာလေးကို တင်ပြလိုက်ပါတယ်။

ဖေဖေကြီးကိုချစ်တယ်
************************
တစ်ခါက လူတစ်ယောက်ဟာ သူ့ကားကိုပြင်နေ တုန်း သူ့သားလေးက ကားကိုခြစ်နေတာတွေ့တော့ ဒေါသထွက်ပြီး သူ့သားလေးရဲ့လက်ကို ရိုက်လိုက် တယ်။ သူ့လက်ထဲမှာ ဝက်အူလှည့်ကိုင်ထားတာကို သတိမထားမိဘဲ အချက်ပေါင်းများစွာ ရိုက်နှက်နေ မိတယ်။

”ဒီလက်လားကွာ…လုပ်ဦးမလား…နောက် လုပ်ဦးမလား…တန်ဖိုးမသိတဲ့ကောင်” စသည်ဖြင့် ဒေါသအလျောက် အချက်ပေါင်းများစွာ ဘယ်နှချက် မှန်းမသိ ရိုက်နှက်မိ၏။ လက်က သွေးတွေစေးကပ် လာမှ သတိထားမိတော့ ကလေးကသတိလစ်နေပြီ။

ဆေးရုံပေါ်မှာ ကလေးက လက်ချောင်းကလေး တွေ မရှိတော့တဲ့ သူ့လက်ငုတ်စိ ကလေးတွေကိုကြည့် ပြီး သူ့အဖေကို မေးခွန်းကလေးမေးတယ်။

”ဖေဖေ သား လက်ကလေးတွေ ဘယ်တော့ အတက်ပြန်ပေါက်လာ မှာလဲဟင်” လို့မေးတော့ ဖခင်ဖြစ်သူက သူ့ကြောင့် ဒုက္ခိတဖြစ်သွားတဲ့ သားဖြစ်သူရဲ့အမေးကို မဖြေနိုင် ရှာဘဲ ယူကျုံးမရဖြစ်ကာ အိမ်ပြန်ပြီး သူ့ရဲ့ကားကို အကြိမ်ကြိမ် ခြေထောက်နဲ့ကန်နေမိပါတယ်။

”မင်း ကြောင့်ကွာ…မင်းကြောင့်ကွာ…မင်းကြောင့် ငါ့သားလေး ဒီလိုဖြစ်ရတာ” ဆိုပြီး ကန်နေမိပါတယ်။

တကယ်တော့ ကိုယ့်ကြောင့်ဆိုတာ သိဟန်မတူ ပေ။ ဝမ်းနည်းစရာကောင်းပေစွ။ ကားက ”ခင်ဗျား သား ကျုပ်ကိုခြစ်နေပါသည်၊ အပြစ်ပေးပါ၊ လက်ဖြတ် ပေးပါ”ဟု မပြောပေ။ သူ့ရဲ့ကားကို အကြိမ်ကြိမ်ကန် နေတုန်း သူ့သားခြစ်သွားတဲ့ သံခြစ်ရာကို တွေ့သွား လေ၏။

ပေါက်တတ်ကရ ရေးခြစ်ထားတာမဟုတ်ဘဲ စာကလေးတစ်ကြောင်းသာ ရေးထားသည်ကိုတွေ့ရ လေ၏။ ထိုစာကိုဖတ်ပြီး အဲဒီလူ အဲဒီနေရာမှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်။

သင်လည်း ဒေါသနဲ့မေတ္တာမှာ မေတ္တာကိုသာ ရွေးချယ်ပါ။ ပစ္စည်း ဆိုတာအသုံးချဖို့ လူဆိုတာအချစ်ခံဖို့ပါ။ ဒါပေမဲ့ ယနေ့ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကတော့ ပစ္စည်းတွေက အချစ်ခံရပြီး လူတွေက အသုံးချခံနေရပါတယ်။ သင် သာ ဒီလိုလူမျိုးဖြစ်နေခဲ့ရင် အပေါ်ကအဖြစ်အပျက် ကလေးလို ဝမ်းနည်းစရာနဲ့ ကြုံရပါလိမ့်မယ်။

သူ့သားကလေးရေးတဲ့စာကြောင်းက ”ဖေဖေ ကြီးကို ချစ်တယ်တဲ့”။

ကားမှာထင်သွားတဲ့ ခြစ်ရာက ဆေးပြန်မှုတ်ရင် ပြုပြင်ရင်ရပါတယ်။ ဒုက္ခိတဖြစ်သွားတဲ့သားကလေးရဲ့ ပြတ်သွားတဲ့ လက်ချောင်းလေးတွေက ပြန်မကောင်း နိုင်တော့ဘူးဆိုတာ မိုက်မဲပြီး အသိဥာဏ်နည်းတဲ့မိဘ တိုင်း သင်ခန်းစာယူနိုင်ကြပါစေ။ ဒါက ဖခင်ရဲ့အကြောင်း ပါ။

နောက်ထပ်သင်ခန်းစာယူစရာ မိခင်ရဲ့အကြောင်း ပါ။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁ဝ) အမှတ်(၃၇) ၂၅ စက်တင်ဘာ – ၁ အောက်တိုဘာ၊ ၂ဝ၁၄၊ အချပ်ပို (ဃ)မှာပါတဲ့ သတင်းတစ်ပုဒ်ပါ။

ခေါင်းစဉ်က ”က လေးငယ်တစ်ဦးက မိမိပြန်ပေးဆွဲခံရသည်ဟုဆိုကာ လုပ်ကြံဇာတ်လမ်းတစ်ခု ဖန်တီးမှုကြောင့် ရဲဝန်ထမ်း များ အလုပ်ရှုပ်သွား”

မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှု မကြာခဏ ခံစားနေရသည့်အတွက် စိတ်ဖိစီးမှုများ ခံစားလာရ သည်ဟုဆိုကာ ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး က မိမိပြန်ပေးဆွဲခံနေရသည် ဟုဆိုကာ လုပ်ကြံဇာတ် လမ်းတစ်ခုကို ဖန်တီးမှုကြောင့် ရဲဝန်ထမ်းများ အလုပ် ရှုပ်သွားခဲ့ကြောင်း သိရသည်။ (အကျယ်ကို ၄င်းစာ စောင်တွင် ဖတ်နိုင်ပါသည်။)

အကျဉ်းမှာ- အဆိုပါမိန်းကလေးသည် အိမ်မှုကိစ္စ များတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူ၏ ဆူပူ ဆုံးမခြင်း၊ စက်တင်ဘာလပတ်စာမေးပွဲတွင် အဆင့် (၉)မှ (၁၄)သို့ ကျဆင်းသွားသဖြင့် အမြဲတစေဆူပူရစ် တတ်သော မိခင်၏ ဆူပူမှုခံရမည်ကိုစိုးရိမ်ကာ အဆင့် (၁ဝ)ဟု ပြင်ဆင်ရေးသားခဲ့သဖြင့် အတန်းပိုင်ဆရာမ နှင့် မိခင်ဖြစ်သူတို့ တွေ့ဆုံမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ် ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများရရှိကာ စိတ်ထွက် ပေါက်အဖြစ် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့ပါသည်။

ဤသတင်းသည် မိခင်တွေအတွက် အလွန် အင်မတန်မှ သင်ခန်းစာယူသင့်သည်။

အသိဥာဏ်နည်း ပြီး မိုက်မဲတဲ့မိဘတွေဟာ ပတ်ဝန်းကျင်နှင့်အများကြား မှာ ကိုယ်ဂုဏ်ယူရဖို့၊ မျက်နှာရဖို့ သားသမီးများ၏ဘဝနှင့် ရင်းယူတတ်ပေ၏။

ပတ်ဝန်းကျင်နှင့် သူငယ်ချင်းများအကြား ငါ့ သမီးက အဆင့်(၁)စသည်ဖြင့် ကြွားနိုင်ဖို့၊ မျက်နှာရ ဖို့ သားသမီးတွေ၏အပျော်၊ သားသမီးတွေ၏ မျက် ရည်၊ သားသမီးတွေ၏ ဘဝနှင့် ရင်းယူတတ်ပေ၏။

အံ့ဖွယ်ကောင်းပေစွ။

(ဆက်လက်ဖော်ပြပါမည်။)

- အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)

မှတ်ချက်များ