![]() |
| ပွဲစီစဉ်သူ ဒန်နီ |
ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ လူတွေဝိုင်းနေတဲ့ အလယ်ကွက်လပ်ထဲ လူ ၂ ယောက် တိုက်ခိုက်သတ်ပုတ်ကြတာကို မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ အဲဒီလိုပွဲတွေဟာ အခုဆိုရင် အမေရိကားတစ်ခွင်မှာ တကယ်ရှိနေပြီး ဗလာလက်သီးနဲ့ထိုးသတ်ကြကာ ဆုကြေးကလည်း အမေရိကန်ဒေါ်လာ ၁ သိန်းအထိတောင်ရရှိနိုင်တဲ့အထိ တွင်ကျယ်လာနေပါတယ်။
အဲဒီပြိုင်ပွဲတွေကို တာဝန်ယူစီစဉ်တာကတော့ လူဆိုးဂိုဏ်းဝင်ဟောင်းတွေဖြစ်ပြီး မကြာခင်မှာ ဒီပြိုင်ပွဲတွေကို တရားဝင်ဖြစ်အောင်လုပ်ပြီး ဒေါ်လာဘီလျံချီပြီးတန်ဖိုးရှိတဲ့ပြိုင်ပွဲအဖြစ် အားကစားရုံတွေဆီကို အရောက်ပို့နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ နာမည်ကြီးလူဆိုးဂိုဏ်းဝင်ဟောင်း အသက် ၅၁ နှစ်အရွယ် ဒန်နီပရိုဗန်ဇာနိုက ဒီအားကစားဟာ မကြာခင်အချိန်အတွင်းမှာ UFC(ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ)လို နာမည်ကြီးလာမယ်လို့ ယုံကြည်နေပါတယ်။
ဒီလက်ဝှေ့ပွဲတွေယှဉ်ပြိုင်တဲ့နေရာတွေက ခမ်းနားကြီးကျယ်မှုမရှိပေမယ့် လက်ဝှေ့ဖိုက်တာတွေဟာ တစ်ခါတရံမှာ တစ်ပွဲတည်းအတွက် ထိုးသတ်ကြေး ဒေါ်လာ ၁ သိန်းအထိ ရရှိနိုင်ပါတယ်။ ဒန်နီက "ကျွန်တော်စီစဉ်ခဲ့တဲ့ပွဲ ၆၀ လောက်ရှိပါပြီ။ ဒီပွဲတွေကို အားကစားရုံတွေထဲမှာ စပြီးပွဲသွင်းနိုင်တော့မယ်လို့ ယုံကြည်ပါတယ်။ ဗလာလက်သီးပွဲက လက်အိတ်စွတ်ထိုးတဲ့ဘောက်ဆင်ပွဲတွေထက် ကျွမ်းကျင်မှုပိုလိုအပ်ပါတယ်။ ကိုယ်ထိုးလိုက်တဲ့လက်သီးချက်တိုင်းက ထိချက်မှန်ရပါတယ်။

မဟုတ်ရင် လက်ကျိုးသွားနိုင်တယ်။ ဖိုက်တာတွေက ချင့်ချိန်ပြီးထိုးတဲ့အတွက် ဒဏ်ရာပြင်းထန်မှုနည်းပါးတယ်။ ကွဲတာ၊ ဒဏ်ရာရတာတွေ ပိုများပေမယ့် ရေရှည်ထိခိုက်နိုင်တဲ့ ဦးနှောက်ထိခိုက်မှုနည်းတယ်။ ဒီပြိုင်ပွဲကို ဘာကြောင့်ခွင့်မပြုတာလဲတော့မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားနေတဲ့အတွက် မကြာခင်မှာ လမ်းပေါ်က ဗလာလက်သီးပွဲတွေက အားကစားရုံတွေထဲ ရောက်လာနိုင်မယ်ထင်ပါတယ်။ ဒီပြိုင်ပွဲက ဒေါ်လာဘီလျံပေါင်းများစွာ တန်ကြေးရှိလာနိုင်ပါတယ်"လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေက ဖိုက်တာ ၄ ယောက်ဟာ အမေရိကန်အရှေ့ဘက်ကမ်းခြေက လျှို့ဝှက်နေရာတစ်ခုမှာ ထိုးသတ်ခဲ့ကြပြီး ထိုးသတ်ကြေးမယူဘဲ ဂုဏ်သိက္ခာအတွက်ယှဉ်ပြိုင်ခဲ့ကြတာလို့လည်း သိရပါတယ်။ အယောက် ၅၀ လောက်ရှိတဲ့ ပရိသတ်က ကားဝပ်ရှော့တစ်ခုထဲမှာ စက်ဝိုင်းပုံစံနေရာယူထားပြီး ဗလာလက်သီးနဲ့ထိုးသတ်ကြသူ ၂ ဦးရဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ကြတဲ့ပုံတွေ မြင်တွေ့ရပါတယ်။ ဘော်ဘီဂန်းကတော့ ၂၀၁၁ ခုနှစ်မှာ ဗလာလက်သီးပွဲရဲ့ပထမဆုံးချန်ပီယံဖြစ်လာခဲ့ပြီး အခုအချိန်မှာ ဗလာလက်သီးသမားတွေအနက် ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခံထားရပါတယ်။
စနေ့နေ့ကထိုးသတ်ခဲ့တဲ့ပွဲစဉ်မတိုင်ခင်မှာ ဘော်ဘီဂန်းက"မိသားစုအတွက် ကျွန်တော်ထိုးသတ်နေတာပါ။ ဒီပြိုင်ပွဲကို တရားဝင်ဖြစ်စေချင်ပြီး သူတို့ရဲ့ထိုးသတ်မှုတွေကို အဆင့်သတ်မှတ်ချက်သေချာပေးစေချင်တဲ့ ဖိုက်တာတွေအားလုံးကိုယ်စား ကျွန်တော်ထိုးသတ်နေတာပါ။ ဒါပေမဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော်ထိုးသတ်တာ ပိုများပါတယ်။ ကျွန်တော်က အသက် ၆ နှစ်အရွယ်ကတည်းက လက်ဝှေ့ထိုးနေတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း ကင်ဘိုဆလိုက်နဲ့ ယှဉ်ပြိုင်နိုင်ဖို့မျှော်လင့်ထားပါတယ်။ အဲဒီပွဲသာဖြစ်လာရင် ဒီအားကစားက လူအများအာရုံစိုက်တဲ့အဆင့်ကို ရောက်သွားနိုင်မှာပါ" လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ တရားမ၀င်အားကစားဖြစ်လို့ စိတ်ပျက်စရာလူတချို့နဲ့လည်း တွေ့ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကို ဒန်နီနဲ့ ဘော်ဘီက ပြောပြခဲ့ပါတယ်။ "ဘရွတ်ကလင်းက ဂိုဒေါင်တစ်ခုမှာ ဘော်ဘီက ရုရှားတစ်ယောက်နဲ့ထိုးတဲ့ပွဲပေါ့။ ထိုးကြေးက တစ်ယောက်ကို ဒေါ်လာ ၁ သိန်းပါ။ အဲဒီပွဲမှာ ဘော်ဘီနိုင်သွားပေမယ့် သူတို့က ထိုးကြေးမပေးဘဲ ကျွန်တော်တို့ခေါင်းကို သေနတ်နဲ့ချိန်ပြီး ဒူးထောက်ခိုင်းတယ်။ ကျွန်တော်လည်း ပွဲစီစဉ်တဲ့သူကို ပိုက်ဆံမပေးချင်မပေးနဲ့။ ဒါပေမဲ့ ဒီကိစ္စကို ငါဒီအတိုင်းမေ့လိုက်မယ့်ထင်ရင် မင်းရူးလို့ပဲလို့ ပြောလိုက်တယ်။ သူ့ကို သတ်မယ်လို့ ကျွန်တော်ခြိမ်းခြောက်လိုက်တာပါ။

တကယ်လုပ်မိမလားဆိုတာတော့ မသေချာပေမယ့် ဒေါ်လာ ၂ သိန်းတော့ မပေးလိုက်နိုင်ဘူးလေ။ သူက ကျွန်တော်တို့ကို ပိုက်ဆံပေးလိုက်လို့ တော်ပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုအဖြစ်မျိုးက ရှားပါတယ်။ အဲဒီတုန်းကတော့ ဗလာလက်သီးပွဲတွေမှာ လောင်းကြေးတွေရှိတယ်။ ပွဲကြည့်ခလည်းရှိတော့ တစ်ညကို ၀င်ငွေ ဒေါ်လာ ၁ သိန်းလောက်ရသလို ထိပ်တန်းဖိုက်တာတစ်ယောက်ကလည်း ထိုးကြေး ၁ သိန်းလောက် အေးအေးဆေးဆေးရနိုင်တယ်။ ဒါပေမဲ့ ဒီအားကစားနည်းကို တရားဝင်ဖြစ်စေချင်တဲ့အတွက် လောင်းကြေးတွေမဖွင့်တော့ပါဘူး။ အောင်မြင်သွားတဲ့အချိန်ကျရင် အသီးအပွင့်ခံစားရမှာပဲ" လို့ ဒန်နီက ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ဘော်ဘီနဲ့ပတ်သက်လို့လည်း ဒန်နီက"ကျွန်တော်ထောင်ကနေလွတ်လာတော့ လက်ဝှေ့ပွဲစီစဉ်သူဖြစ်ချင်ခဲ့တယ်။ ဘော်ဘီနဲ့တွဲပြီး ကျွန်တော်တို့ ပွဲတွေစီစဉ်ဖြစ်ခဲ့တယ်။ သူကတော့ ဗလာလက်သီးပွဲတွေရဲ့ ပြယုဂ်လို့ပြောရမယ့်သူပါ။ ဒီအားကစားကို တရားဝင်ဖြစ်အောင်လုပ်ပေးနိုင်မယ့်သူက သူပါပဲ။ အဲဒီလိုမဖြစ်ခင်မှာတော့ ကျွန်တော်တို့ မြေလျှိုးနေရမှာပေါ့။ နိုင်ငံတကာရေပိုင်နက်ထဲက သင်္ဘောတစ်စီးပေါ်မှာ ပွဲတစ်ပွဲစီစဉ်ထားတယ်။ အဲဒါမှ လောင်းကြေးဖွင့်လို့ရမယ်။ အားလုံးလည်း တရားဝင်ဖြစ်မယ်လေ။ ဒါပေမဲ့ အဲဒီအကြောင်းတော့ သိပ်မပြောချင်ပါဘူး"လို့ ဆိုခဲ့ပါတယ်။
ဘော်ဘီဟာ မရိန်းတပ်ဖွဲ့ဝင်ဟောင်း ဒရေတင်ဂျက်ဆင်နဲ့ထိုးသတ်တဲ့ နောက်ဆုံးပွဲမှာ ၅ မိနစ်မပြည့်ခင်အချိန်အတွင်းမှာပဲ ခန္ဓာကိုယ်ကို လက်သီးချက်ပေါင်းများစွာပစ်သွင်းပြီး အနိုင်ယူခဲ့ပါတယ်။ အခုဆိုရင်သူဟာ UFC နာမည်ကျော် ကင်ဘိုဆလိုက်နဲ့ ထိုးသတ်ဖို့အတွက် လေ့ကျင့်ပြင်ဆင်ပြီး ဒီပွဲဖြစ်မြောက်လာဖို့ အားထုတ်နေပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ