![]() |
| မင်္ဂလာပွဲတုန်းက... |
![]() |
| မင်္ဂလာပွဲတုန်းက... |
![]() |
| ၁၉၉၇ ခုနှစ်တုန်းက ဟယ်လင်နဲ့ ရော့စ် |
![]() |
| ၁၉၈၈ ခုနှစ်တုန်းက သူတို့စုံတွဲ |
![]() |
| သူတို့ဆုံခဲ့တဲ့ရွာမှာ အတူနေနေတဲ့ငယ်သူငယ်ချင်းဇနီးမောင်နှံရဲ့လက်ရှိပုံ |
![]() |
| ၁၉၇၆ တုန်းက မူကြိုမှာတွေ့ရတဲ့ ဟယ်လင်(ရှေ့တန်း ၀ဲမှ ၃ ယောက်မြောက်)နဲ့ ရော့စ်(အလယ်တန်း ယာမှ ၂ ယောက်မြောက်) |
သူ့ရဲ့အညိုရောင်ဆံပင်လေးတွေ၊ အပြာရောင်မျက်လုံးလေးတွေနဲ့ သူဝတ်ခဲ့တဲ့အပြာရောင်အကျားအင်္ကျီလေးနဲ့ အနက်ရောင်ဘောင်းဘီလေးကအစ ကျွန်မမှတ်မိနေတုန်းပါ။ သူ့ပုံစံက စမတ်ကျကျလေးမို့ သူ့နောက်က ကျွန်မလိုက်ခဲ့မိတာပါ။ ဒါပေမဲ့ အဲဒီအမှတ်တရတွေက လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးကပါ။ ရော့စ်နဲ့ ကျွန်မက ၁၉၇၆ ခုနှစ် အသက် ၄ နှစ်အရွယ်မှာ စတွေ့ခဲ့ကြတာပါ။
သူတို့မိသားစုက ကျွန်မတို့ရွာကိုပြောင်းလာကြတာလေ။ ကျောင်းကစားကွင်းမှာ ကားတာယာဟောင်းတွေနဲ့ သူလုပ်ထားတဲ့ အာကာသယာဉ်မှာ ကျွန်မလည်းလိုက်လို့ရမလားလို့ သူ့ကိုမေးခဲ့တယ်။ ကျွန်မတို့အဲဒီယာဉ်ကိုစီးပြီး အာကာသကိုကာကွယ်ဖို့ထွက်ခဲ့ကြပေမယ့် ကျောင်းတက်ခေါင်းလောင်းမတီးခင်ပြန်ရောက်ခဲ့ကြပါတယ်။ ရော့စ်နဲ့ကျွန်မက တစ်ယောက်ဘ၀ကိုတစ်ယောက်သိနေကြတာပါ။ ကျွန်မက သူ့ရဲ့ပထမဆုံးချစ်သူ သူကလည်း ကျွန်မရဲ့ပထမဆုံးချစ်သူလေ။ ကျွန်မဘ၀ထဲ သူမရှိတဲ့အချိန်ဆိုတာ မှတ်တောင်မမှတ်မိပါဘူး။ ကျွန်မတို့ ဘယ်လိုဆုံခဲ့လဲဆိုတာ လူတွေကိုပြောပြတော့ သူတို့က အမြဲပြန်မေးတတ်တာက "တခြားလူနဲ့ မတွဲဖူးဘူးပေါ့လေ"တဲ့။
ဟုတ်ပါတယ်။ မတွဲဖူးပါဘူး။ ဒါ့အပြင် အခုဆိုရင် ကျွန်မတို့စတွေ့ခဲ့ကြတဲ့ရွာလေးကို ကျွန်မတို့ သားသမီး ၃ ယောက်နဲ့အတူ ပြန်ပြောင်းလာကြပါပြီ။ ကလေး ၂ ယောက်က သူတို့မိဘတွေ ငယ်ဘ၀က ကစားခဲ့တဲ့ မူလတန်းကျောင်းမှာတက်နေကြပြီလေ။ ကျွန်မတို့ ၂ ယောက်လုံး လူသွားလမ်းပေါ်မှာ မှောက်လဲလို့ ဒူးပြဲခဲ့ဖူးတယ်။ ခြေအိတ်တွေမှာ မြက်တွေက နှင်းရည်တွေ အတူစိုခဲ့ဖူးတယ်။ တချို့လူတွေကတော့ ကျွန်မတို့ဇာတ်လမ်းကို ပျင်းစရာကြီးလို့ဆိုမှာပေါ့။ ကျွန်မကတော့ ကံကောင်းမှုလို့ပဲ ပြောချင်ပါတယ်။
ကျွန်မတို့အကြောင်းတွေပြန်ပြောရရင် သူနဲ့ကျွန်မစကားတွေက အတူတူပါပဲ။ အခုဆိုရင် ကလေးတွေကို အင်္ဂလိပ်စာလုံးပေါင်းတွေသင်ပေးနေရင်း သူနဲ့ကျွန်မစကားနိုင်လုခဲ့ဖူးတာကိုတောင် သတိရမိတယ်။ ကျွန်မတို့ ၅ နှစ်တုန်းက အတန်းထဲမှာ World ဆိုတဲ့စကားလုံးကို ဘယ်လိုပေါင်းလဲဆိုတာနဲ့ပတ်သက်ပြီး သူနဲ့ကျွန်မ စကားနိုင်လုကြတယ်လေ။ ပလတ်စတစ်ခြေသုတ်ခုံပေါ်ရပ်ပြီး ကျွန်မတို့ငြင်းခဲ့တာကိုတောင် အမှတ်ရသေးတယ်။ သူက Word လို့ ပေါင်းရတယ်လို့ ယုံယုံကြည်ကြည်နဲ့ငြင်းတယ်။ ကျွန်မက "မဟုတ်ပါဘူး"ဆိုပြီး ဖြည်းဖြည်းချင်း အပိုင်ပေါင်းပြလိုက်တယ်လေ။ ကျွန်မတို့ငြင်းနေတာကို ဆရာမကကြားသွားပြီး ကျွန်မမှန်ကြောင်းအတည်ပြုပေးခဲ့တယ်။ ဒီနေ့အထိလည်း စာလုံးပေါင်းတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ ငြင်းလေ့ငြင်းထရှိနေတုန်းပါပဲ။
ကျွန်မရဲ့အသက် ၅ နှစ်ပြည့်မွေးနေ့ပွဲကို သူလာခဲ့တယ်။ အဲဒီခေတ်တုန်းက မွေးနေ့ပွဲတွေက ရိုးရိုးရှင်းရှင်းပါပဲ။ အဲဒီနေ့က နေသာတဲ့နေ့လေးတစ်ရက်ပါ။ သူက စာအုပ်တစ်အုပ်ကိုင်ပြီးရောက်လာတယ်။ ပြီးတော့ ပန်းခြံထောင့်နားက အပင်တစ်ပင်အောက်မှာ စာအုပ်သွးဖတ်နေတယ်လေ။ အမေက သူ့ကို ကစားမလားမေးတော့ သူက "စာဖတ်တာက ပျော်ဖို့ကောင်းတယ်။ ကျေးဇူးပါပဲ"လို့ ပြန်ပြောလိုက်တယ်တဲ့လေ။ အမှန်တော့ သူက စာအုပ်ကိုပြောင်းပြန်ကိုင်ထားတာလို့ အမေက ဒီနေ့အထိပြောနေသေးပေမယ့် သူကတော့ မဟုတ်ပါဘူးလို့ ငြင်းနေတုန်းပဲ။
အာကာသယာဉ်ခရီးကစပြီး ကျွန်မတို့သူငယ်ချင်းဖြစ်ခဲ့ကြတာ ကျောင်းမှာတင်မကဘူး၊ မိသားချင်းပါ ရင်းနှီးသွားခဲ့ကြတယ်။ ဒါပေမဲ့ စိတ်ဝင်စားတာမျိုးတော့ မရှိခဲ့ပါဘူး။ သူက ယောက်ျားလေးဆိုတော့ ယောက်ျားလေးတွေနဲ့ကစားပေါ့။ ကျွန်မကလည်း ကျွန်မသူငယ်ချင်းတွေနဲ့ ကစားပေါ့။ နှစ်နည်းနည်းကြာတော့ ကျွန်မမိဘတွေ ကွာရှင်းကြပြီး အနီးနားက မြို့လေးတစ်မြို့ကိုပြောင်းကြတော့ ကျွန်မတို့ချင်း ခဏလောက်မတွေ့ဖြစ်ခဲ့ကြဘူး။ ကျွန်မတို့ ဆယ်ကျော်သက်အရွယ်မှာ ကျွန်မတို့ချင်း ဒေသခံဒစ္စကိုကလပ်တစ်ခုမှာ ပြန်ဆုံခဲ့တယ်။ စကားတွေအများကြီးမပြောဖြစ်ပေမယ့် သူ့ပုံစံကို ကျွန်မသေချာမှတ်မိတယ်။ နောက်တစ်ပတ်နေတော့ ကျွန်မတို့အိမ်တွေကြားမှာရှိတဲ့လယ်ကွင်းမှာတွေ့ဖို့ချိန်းပြီး လမ်းလျှောက်ထွက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ပထမဆုံးနမ်းဖြစ်ခဲ့ကြတာပါ။ ၁၉၈၈ မေလပေါ့ အဲဒီကတည်းက ကျွန်မတို့မခွဲတမ်းအတူရှိခဲ့ကြတယ်။
အသက် ၁၈ နှစ်အရွယ်မှာ တက္ကသိုလ်တက်ရမှာမို့လို့ ၂ ယောက်သားခွဲခွာခဲ့ရပေမယ့် တစ်လကို အနည်းဆုံးတစ်ကြိမ်တွေ့ဖြစ်ကြတယ်။ ရွာမှာပြန်တွေ့ရင်တွေ့၊ ဒါမှမဟုတ် တစ်ယောက်ဆီတစ်ယောက်လာလည်တာမျိုးပေါ့။ စာတွေအပြန်အလှန်ရေးခဲ့ကြတယ်။ နေ့တိုင်းဖုန်းတွေပြောဖြစ်ကြတယ်။ ဘယ်တော့ထပ်တွေ့ရမလဲဆိုတာကို အမြဲမျှော်လင့်ခဲ့ကြတယ်။
ဘွဲ့ရပြီးတော့ လန်ဒန်ကိုပြောင်းဖြစ်ခဲ့ပေမယ့် အတူတူတော့မဟုတ်ပါဘူး။ ရော့စ်က သူ့အစ်ကိုနဲ့အတူ တိုက်ခန်းတစ်ခန်းငှားနေပြီး၊ ကျွန်မကတော့ သူငယ်ချင်းတွေနဲ့ တိုက်ခန်းတစ်ခန်းမှာ အတူနေပါတယ်။ အသက် ၂၇ နှစ်အရွယ်မှာတော့ ရော့စ်က ကျွန်မကို ရုတ်တရက်ကြီး လက်ထပ်ခွင့်တောင်းပါတော့တယ်။ နေ့လယ်စာစားဖို့ ကန့်က ကားရပ်နားကွင်းမှာ ကားရပ်နေတုန်း သူလက်ထပ်ခွင့်တောင်းတာကို ကျွန်မအံ့သြသလိုပဲ သူကိုယ်တိုင်လည်း အံ့သြမိနေတဲ့အမူအရာနဲ့ပေါ့။ အဲဒီနေ့လယ်စာကတော့ အပျော်မျက်ရည်တွေနဲ့ဖြစ်ခဲ့တာပေါ့လေ။ အမှန်တော့ အဲဒီတုန်းက ကျွန်မက စူပါမားကတ်တစ်ခုရဲ့ဝိုင်အ၀ယ်တော်လုပ်နေလို့ အဲဒီညမှာ ဘော်ဒိုးကို လေယာဉ်နဲ့သွားရမှာဖြစ်ပေမယ့် ရက်ရွှေ့လိုက်ပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ နောက်နေ့မနက်လင်းတဲ့အထိ အောင်ပွဲခံခဲ့ကြပါတယ်။
နောက် ၆ လအကြာမှာ ကျွန်မတို့လက်ထပ်ခဲ့ပြီး မင်္ဂလာပွဲကလည်း ၂ ဖက်မိသားစုတွေ တစ်ရွာတည်းမှာနေလို့ စီစဉ်ရလွယ်ကူခဲ့ပါတယ်။
ကိုယ်နဲ့အတူကြီးပြင်းလာတဲ့လူကို လက်ထပ်တဲ့အတွက်တော့ နောက်ဆက်တွဲရလဒ်လေးတွေရှိပါတယ်။ တစ်ခါတလေ ကလေးတွေ မနက်ပိုင်း အခန်းထဲဝင်လာရင် ဒီကလေးတွေက ငါတို့ကလေးတွေပါလား ငါတို့ လူကြီးဖြစ်နေပြီပဲလို့ တွေးမိတယ်။ ကျွန်မတို့ ၂ ယောက် ကလေးပဲဖြစ်နေသေးတယ်ဆိုတဲ့ အတွေးလေးတစ်ခုကတော့ အခုထိကျန်နေပါသေးတယ်။

တစ်ခါတလေကျရင် ကျွန်မတို့ကလေးတွေကို ကစားနေတာကိုကြည့်ရင်း သူတို့လေးတွေရော ခင်ပွန်းလောင်း၊ ဇနီးလောင်းတွေ တွေ့နေပြီလားလို့ တွေးမိတတ်ပါတယ်။ ကျွန်မတို့အဖြစ်က တကယ့်ကိုထူးဆန်းလွန်းပါတယ်။ ကျွန်မကတော့ ကံအရမ်းကောင်းတယ်လို့ပဲ ဆိုချင်တယ်။ အမြဲတမ်းတော့ ပန်းခင်းလမ်းမဟုတ်ပါဘူး။ တစ်ခါတလေ ၂ ယောက် အဆင်မပြေတာလေးတွေရှိပေမယ့် သူ့ကိုကျွန်မချစ်တယ်။ အာကာသယာဉ်မောင်းလေးနဲ့ လက်ထပ်ဖြစ်ခဲ့တာပျော်တယ်။
ညီမင်းဟန်(ဆန္ဒကူး)
ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ