လေဖြတ်နေတဲ့လူနာတွေက စိတ်နဲ့ ကွန်ပြူတာကို ထိန်းချုပ်ပြ


အရာဝတ္ထုပစ္စည်းတွေကို ကျွန်တော်တို့ စိတ်ကိုပဲအသုံးပြုပြီး ထိန်းချုပ်နိုင်မယ့်မျှော်လင့်ချက်တွေ အထမြောက်ဖို့ အတွက် တဆင့်နီးကပ်လာခဲ့ပါပြီ။

စတီဖင်ဟော့ကင်းခံစားနေရတဲ့ရောဂါလိုမျိုး ကြွက်သားများသေးသိမ်အားနည်းလာတဲ့ Lou Gehrig ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်နှစ်ဦးဟာ၊ သီးခြားစမ်းသပ်မှုနှစ်ခုမှာ BrainGate နည်းပညာကိုအသုံးပြုပြီး ကွန်ပြူတာဖန်သားပြင်ပေါ်က cursor ကာဆာကို အတွေးနဲ့ ပဲ ရွေ့ လျားထိန်းချုပ်ပြခဲ့ပါတယ်။

ဝေဒနာရှင်တွေဟာ ၂၀၁၁ ခုနှစ်တုန်းက အလားတူနည်းပညာမျိုးအသုံးပြုလုပ်ခဲ့တဲ့စမ်းသပ်မှုတွေထက် အခုတစ်ကြိမ်မှာ နှစ်ဆပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။

BrainGate နည်းပညာဟာ ဦးနှောက်အာရုံကြောတွေရဲ့ နည်းလမ်းကို အသုံးချ၊ စိစစ်၊ ထုတ်လွှတ်၊ အာရုံခံတဲ့ နည်းပညာကို အခြေခံထားတာဖြစ်ကြောင်း ယခုစမ်းသပ်မှုပြုလုပ်ခဲ့တဲ့ Brown တက္ကသိုလ်က သုတေသနပညာရှင်တွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဦးနှောက်အတွင်းက ခန္ဓာကိုယ်ထိန်းချုပ်မှုတွေကို စေခိုင်းတဲ့ motor cortex ဦးနှောက်အပြင်လွှာမှာ အာရုံခံကိရိယာတွေကို တပ်ဆင်ပြီး ဦးနှောက်နျူယွန်ဆဲလ်တွေက ထုတ်လွှတ်တဲ့ signal တွေကို သေးငယ်တဲ့ လျှပ်ခေါင်း စုစုပေါင်း ၉၅ ခုက ဖမ်းယူကာ ကွန်ပြူတာဆီ signal တွေကို ပို့ ဆောင်ပြီး ဦးနှောက်ကစေခိုင်းထားတဲ့ လုပ်ဆောင်လှုပ်ရှားမှုကို အဓိပ္ပါယ်ဖွင့်ဆိုပေးတာဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းအားဖြင့် လူနာဟာ ကွန်ပြူတာကို ဦးနှောက်ရဲ့အတွေးနဲ့ တင်ထိန်းချုပ်နိုင်ပြီး လက်က မောက်စ် ကိုထိန်းချုပ်စရာမလိုဘဲ ကာဆာကို ရွှေ့ နိုင်တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက Cathy Hutchinson ဆိုသူအမျိုးသမီးဟာ စိတ်နဲ့ ပဲ ရိုဘော့လက်ကို ထိန်းချုပ်ပြီး သူမရဲ့ နှုတ်ခမ်းနားဆီ ကော်ဖီဘူးကိုယူဆောင်ပြခဲ့တဲ့ လက်တွေ့ စမ်းသပ်မှုအပေါ် ယခုသုတေသနက အခြေခံဖန်တီးထားတာဖြစ်ပါတယ်။

ALS ရောဂါသည်နှစ်ဦးကို ကွန်ပြုတာကာဆာရွေ့ ခိုင်းတဲ့စမ်းသပ်မှုဟာ ၂၀၁၁ ခုနှစ်က စမ်းသပ်မှုထက် လုပ်ဆောင်နိုင်စွမ်းနှစ်ဆပိုမိုမြန်ဆန်ခဲ့တာကို တွေ့ ရှိရပါတယ်။

Ye Wint - သစ်ထူးလွင်
Ref: Dailymail

မှတ်ချက်များ