မြိတ်မြစ်အတွင်း စက်လှေတစ်စီးပေါ်မှ ကျပ်သိန်း(၅)သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ




မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလ (၁၉)ရက် နေ့လယ်(၃း၄၀)နာရီက မြိတ်မြစ်အတွင်းရှိ ကလွင်ရေလယ် မီးပြ၏ အရှေ့ တောင်ဘက် (၁)မိုင်ခွဲခန့် အကွာ ပင်မကမ်းခြေတွင် ကမ်းထိုး ရပ်နားထားသော ခန့်ဟိန်းဇင်အောင် အမည်ရှိ မသင်္ကာဖွယ်ကုန်တင် စက်လှေတစ်စီးတွင် ကျပ်သိန်း(၅၇၂၀၀)ကျပ်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အဆိုပါကုန်တင်စက်လှေအား မသင်္ကာဖွယ် တွေ့ရှိရ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ၀င်းဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ သက်သေရပ်ကွက် လူကြီးများဖြင့် သွားရောက်စစ်ဆေးခဲ့ရာ စက်လှေမှာ အလျား(၆၈)ပေ၊ အနံ(၂၀)ပေ၊ ရေစူး(၁၀)ပေခန့်ရှိပြီး စက်လှပေါ်တွင် လူတစ်ဦးတစ်ယောက်မှ မတွေ့ရကြောင်း၊ စက်လှေပေါ်တွင် ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးများ တွေ့ရှိရကြောင်း သိရသည်။

၎င်းမူးယစ်ဆေးဝါးများမှာ လှေသားများ အိတ်ခန်းတွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၇၇) ပြား၊ (၃၀)ဂရမ်ခန့်ရှိသော ဘိန်းစာမုန့်(၁)ထုတ်၊ လှေစက်ခန်းအတွင်းရှိ ဒီဇယ်ဆီတိုင်ကီ(၂)လုံးအတွင်း ဒီဇယ်ဆီများ နှင့် ရောနောထားသည့် (၅၀၀)ဂရမ်ဝင် တရုတ်စာတမ်းဖြင့် ရေးသားထားသော အစိမ်းရောင် လက်ဖက်ခြောက် ဟု အဓိပ္ပာယ်ရသည့် ပါကင်ပိတ်အိတ် အတွင်း ICR(သို့) METANFETAMINE ယူဆရသော အစိုင်အခဲများ ထည့်ထားသည့် ပါကင်ပိတ်အိတ် (၁၄၀) အိတ်၊ ပေါက်ပြဲအိတ် (၄) အိတ် စုစုပေါင်းတန်ဖိုး သိန်း (၅၇၂၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ခိုင်ထူး-မြိတ် ခရိုင် ပြန်/ဆက်
MOI Webportal Myanmar

မှတ်ချက်များ