ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် အမည်များ စာရင်းတွင် ကင်မ်ချီနှင့် အာရပ်ကော်ဖီတို့ ပါဝင်လာ
ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီဖြစ်သော ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်သစ်များအဖြစ် ထပ်မံ အသိအမှတ်ပြုလိုက်သည့် အကြောင်းအရာ ၂၀ စာရင်းတွင် ကင်မ်ချီနှင့် အာရပ်ကော်ဖီတို့ ပါဝင်လာကြောင်း သိရသည်။
ကဏ္ဍ အသီးသီးမှ အကြောင်းအရာ ၂၀ ကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု ထုံးတမ်း အမွေအနှစ်များ စာရင်းတွင် ထပ်မံဖြည့်တင်း အသိအမှတ် ပြုခဲ့ရာ မြောက်ကိုရီးယား၏ ကင်မ်ချီနှင့် အာရပ်နိုင်ငံများ၏ ရိုးရာကော်ဖီတို့သည် အစားအသောက်များအဖြစ် ပါဝင်လာသည်။
အခြားသော ကဏ္ဍများတွင် ဩစတြေးလျရိုးရာ မြင်းစီးအတတ်၊ ပီရူးနိုင်ငံမှ လူစုလူဝေးဖြင့် ကခုန်သည့် ရိုးရာအက၊ ရိုမေးနီးယားနှင့် နမီးဘီးယားတို့မှ ရိုးရာ သစ်သီးပွဲတော်များကို ယူနက်စကိုက ရွေးချယ်ခဲ့သည်။
ယူနက်စကိုက ယခုကဏ္ဍ ၂၀ ကို ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့သည်။ နမီးဘီးယား နိုင်ငံရှိ ဝင်ဟော့ခ်မြို့တွင် နိုင်ငံတကာ ကိုယ်စားလှယ်များ တွေ့ဆုံပြီး ယူနက်စကိုထံ တင်သွင်းမည့် အမည်စာရင်းသစ်များအတွက် ရွေးချယ် ဆွေးနွေးခဲ့သည်။
တောင်ကိုရီးယား၏ ကင်မ်ချီသည် ယခင်ကတည်းက အဆိုပါ စာရင်းတွင် ပါဝင်ခဲ့ပြီး ယခုအခါ မြောက်ကိုရီးယား၏ ကင်မ်ချီက ပြိုင်ဘက်နိုင်ငံ၏ ရိုးရာ အစားအစာနှင့်အတူ ကမ္ဘာ့အမွေအနှီစ်တစ်ခု ဖြစ်လာခဲ့သည်။ ယူနက်စကိုက မြောက်ကိုရီးယား ကင်မ်ချီတွင် ဂေါ်ဖီထုပ်ကို အခြေခံ အသုံးပြုသည့် နည်းစနစ်မှာ ထူးခြားပြီး မြောက်ကိုရီးယား လူ့အဖွဲ့အစည်းက သင်္ကေတ တစ်ခုသဖွယ် ဖြစ်နေကြောင်း အသိအမှတ် ပြုခဲ့သည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ဆော်ဒီအာရေးဘီးယား၊ အိုမန်၊ ကာတာစသည့် အာရပ်နိုင်ငံများတွင် တည်ခင်းလေ့ရှိသည့် အာရပ်ကော်ဖီမှာ ပွဲလမ်းသဘင် အထိမ်းအမှတ်နှင့် ရက်ရောမှုကို ပြဆိုကြောင်း ယူနက်စကို၏ ရွေးချယ်ရေးကဏ္ဍ တာဝန်ယူသူများက ဆိုသည်။
အခြားရွေးချယ်ခံရသည့် အမည်များတွင် ဂရိပိုင် တီနော့စ်ကျွန်းမှ စကျင်ကျောက်ထွင်း အတတ်ပညာ၊ နမီးဘီးယားမှ မာရူလာ သစ်သီးများဖြင့် ပြုလုပ်သည့် ဘီယာကို စုပေါင်းသောက်သုံးသည့် အိုရှိတူသီ ရှိုမန်ဂွန်ဂိုပွဲတော် အစရှိသည်တို့လည်း ပါဝင်ကြောင်း သိရှိရသည်။

မှတ်ချက်များ