“ပန်းနီနီမပေးနဲ့ သီချင်းကို ကျွန်မက ရိုးရိုးသားသားပဲ ဆိုခဲ့တာပါ။ အခုလို အမေးခံရတဲ့ အပေါ်မှာလည်း အင်မတန်မှ စိတ်မကောင်း ဖြစ်မိပါတယ်” ဆိုတဲ့ ရွှေရည်သိန်းတန်


ရခိုင်ပြည်နယ်၊ ကျိန္တလိ မြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အောက်တိုဘာ ၃၀ရက်တွင် လူထုတွေ့ဆုံပွဲတွင် တေးသံရှင် အဆိုတော် ရွှေရည်သိန်းတန်က သီချင်းများဖြင့် ဖျော်ဖြေခဲ့ရာမှ “ပန်းနီနီမပေးနဲ့ မပန်ချင်ပါဘူး” သီချင်းဖြင့်လည်း ပါဝင်ဖျော်ဖြေခဲ့သည်။ ယင်းပွဲမှာပင် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးက နောက်ဆုံးနိဂုံးချုပ် စကား ပြောကြားရာတွင် ဒေသခံ ပြည်သူများ အနေဖြင့် ရွှေရည်သိန်းတန် သီချင်းထဲကလို ပန်းနီနီပန်ပြီး ဒီမိုကရေစီကို သွားမလား၊ ခြင်္သေ့စီးပြီး ဒီမိုကရေစီကို သွားမလားဟု ဆိုခဲ့သည့်အပေါ် ရွှေရည်သိန်းတန်အား မေးမြန်းရာ ယခုလို ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်မက အနုပညာရှင် တစ်ယောက်ပါ။ ဆိုတဲ့သီချင်းတွေ ထဲမှာလည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဆိုတာ မရှိပါဘူး။ အရင်တုန်းက ကျွန်မ ဖေဖေရေးခဲ့၊ ဆိုခဲ့တဲ့ သီချင်းတွေကိုပဲ ပြန်ဆိုတာပါ။ အခုဆိုတဲ့ သီချင်းကလည်း အခုမှ ရေးစပ်ထားတဲ့ သီချင်းမဟုတ်ပါဘူး။ လူတိုင်း ကြားဖူးထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို ကျွန်မက ရိုးရိုးသားသားပဲ ဆိုခဲ့တာပါ။ တခြားဘာခံစားချက်မှ မရှိပါဘူး။ အခုလို အမေးခံရတဲ့ အပေါ်မှာလည်း အင်မတန်မှ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်မက အနုပညာရှင် တစ်ယောက်ပါ။ ပြည်ခိုင်ဖြိုး ပါတီကပဲဖြစ်ဖြစ်၊ NLD ပါတီကပဲဖြစ်ဖြစ်၊ အခြား ဘယ်ပါတီကပဲ ဖြစ်ဖြစ် အနုပညာရှင် တစ်ယောက်အနေနဲ့ ဖျော်ဖြေဖို့ ငှားမယ်ဆိုရင် လိုက်ဆိုမှာပါ။ ပါတီစွဲလည်း မထားပါဘူး”ဟု ရွှေရည်သိန်းတန်က ပြောသည်။

ပိုင်လေး - Tomorrow Journal

မှတ်ချက်များ