ဂုတ်ထိပ်တံတား လေ့လာရန် သံလမ်းပြေးယာဉ်ဝန်ဆောင်မှု အဆင့်မြှင့်မည်

နာမည်ကျော်ဂုတ်ထိပ်တံတားကို တွေ့ရစဉ် (Tango Tour & Trek FB)
ဂုတ်ထိပ်တံတားပေါ်သို့ လူများဖြတ်သန်းသွားလာခွင့်ပြု မည်မဟုတ်ဘဲ သံလမ်းပြေးခရီး သည်ယာဉ်ဖြင့်သာ ကြည့်ရှုခွင့်ပြု မည်ဖြစ်ပြီး သံလမ်းပြေးခရီးသည် ယာဉ်များ ဝန်ဆောင်မှု အဆင့် မြင့်စေရန် ပုဂ္ဂလိကတင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာ့မီးရထား မှ သတင်းရရှိသည်။

ကမ္ဘာ့ဒုတိယအမြင့်ဆုံးဖြစ် သည့် ဂုတ်ထိပ်တံတား ဖြတ်သန်း ကြည့်ရှုနိုင်ရန် မြန်မာ့မီးရထားမှ သံလမ်းပြေးယာဉ် (RGC) နှင့် (RBE) အမျိုးအစားများကို ဝန် ဆောင်မှု အဆင့်မြှင့်ရန် ဖေဖော် ဝါရီ တတိယပတ်တွင် ပုဂ္ဂလိက တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာ့မီးရထားရုံးချုပ် စီးပွားရေး ဌာန ခရီးသည်ဌာနခွဲမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော် ကျော်မျိုးက ပြောသည်။

‘‘ဂုတ်ထိပ်တံတားကို ကား လမ်းလည်း ပေါက်လာတယ်။ နောက်လာတဲ့လူတွေလည်း များ များလာတော့ သံလမ်းပြေးယာဉ် တွေ အဆင့်မြှင့်ပြေးဆွဲဖို့ တင်ဒါ ခေါ်မယ်။ တင်ဒါကုမ္ပဏီရွေးချယ် ပြီး လုပ်ငန်းစလုပ်ဖြစ်မယ့် အချိန်ကို ဧပြီလလောက် မှန်းထားတယ်’’ဟု ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

မန္တလေး - လားရှိုး လမ်း နောင်ချိုဘူတာအလွန် ခုနစ်မိုင် အကွာတွင် ပေ ၃၀၀ ကျော် အမြင့်ရှိသည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ တည်ဆောက်ထားသည့် ဂုတ်ထိပ်တံတားသည် လူများ ဖြတ်သန်းခွင့် တားမြစ်ထားသော်လည်း ၂၀၁၅ အတွင်း လာရောက်လည်ပတ်မှု မြင့်တက်လာသဖြင့် လုံခြုံရေး ပြန်လည်တင်းကျပ်ခဲ့ရခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ တာဝန်ရှိတဲ့ သူတွေတောင် ဂုတ်ထိပ်တံတား အပေါ် တံတားကြံ့ခိုင်ရေး စစ် ဆေးရင် သံလမ်းပြေးကားနဲ့သွား တာ၊ အရမ်းအန္တရာယ်များလို့ တံတားမှာ လူလျှောက်လမ်းမရှိ တော့ ဟိုဘက်ဒီဘက် ရထား ထွက်လာရင် ပြေးစရာမရှိဘူး။ အဲဒါကြောင့် ခရီးသည်တွေ ကြည့်ရှုဖို့ ခွင့်ပြုထားတဲ့ သံလမ်းပြေး ယာဉ်တွေကို အဆင့်မြှင့်တင်မှာ ပါ’’ဟု ဦးကျော်ကျော်မျိုးက ပြော သည်။

မြန်မာ့မီးရထားမှ ခရီးသည် ၂၅ ဦးအထိ စီးနိုင်သည့် သံလမ်း ပြေး (RGC) နှင့် ခရီးသည် ၅၀ စီးနိုင်သည့် (RBE) ယာဉ်အမျိုး အစားများကို ခရီးသည်တစ်ဦး လျှင် ကျပ် ၅,၀၀၀ နှုန်းဖြင့် တစ် ရက်လျှင် (၂)ကြိမ် ခေါက်တိုပြေး ဆွဲလျက်ရှိပြီး တံတားပေါ် လူများ ဖြတ်သန်းသွားလာမှုကို လုံးဝခွင့် မပြုဘဲ စည်းကမ်းအတိုင်း လိုက် နာမည့် ကုမ္ပဏီကိုသာ ရွေးချယ် မည်ဖြစ်ကြောင်း တင်ဒါ စည်း ကမ်း သတ်မှတ်ချက်များတွင် ထုတ်ပြန်ထားသည်။

ထို့အပြင် လားရှိုး-မန္တလေး ရထားဖြင့် ဂုတ်ထိပ်ရထားပေါ်သို့ ဖြတ်သန်းကြည့်ရှုနိုင်ပြီး ရုံးဖွင့် ရက်များ၌ တစ်ရက်လျှင် ဦးရေ၂၀၀ မှ ၅၀၀ အထိ ရုံးပိတ်ရက်များ တွင် ဦးရေ ၈၀၀ မှ ၁,၀၀၀ အထိ ဂုတ်ထိပ်တံတားသို့ လာရောက် လည်ပတ်လျက်ရှိကြောင်း မြန်မာ့ မီးရထား မန္တလေးတိုင်းတာဝန်ခံ (သွားလာရေး)မှ ဦးအေးမောင်က ပြောသည်။

ဇူဇန်လွင် | 7day

မှတ်ချက်များ