ဒေသအချို့တွင် စံချိန်တင်ပူနိုင်၍ အပူဒဏ်နှင့် မီးဘေးအန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

(ဓာတ်ပုံ − Tun Lwin Facebook)
တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် နေ့အပူ ချိန်များ စံချိန်တင်မြင့်တက်လာ နိုင်သောကြောင့် အပူဒဏ်နှင့် မီး ဘေးအန္တရာယ်ကို အထူးသတိ ထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။

မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ တနင်္သာရီနှင့် ကရင်၊ မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီ ၁၃ ရက် (ယနေ့)မှတစ်ပတ်အတွင်း နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိနိုင်ကာ ဖေဖော်ဝါရီ၏ စံချိန်တင်အပူချိန် ဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

‘‘ဒီအချိန် ဆောင်းတွင်းကြီးပဲ ရှိသေးတာ။ ၄၀ ကနေ ၄၅ ဒီဂရီ စင်တီဂရိတ်ဆိုတာ ဖေဖော်ဝါရီ မှာ မဖြစ်ခဲ့ဖူးသေးဘူး။ ဒီလောက် အထိ ပူနေမှတော့ အပူဒဏ်ရော မီးဘေးအန္တရာယ်ရော ရှိနေပြီ။ သတိအတော်ထားဖို့ လိုမယ်’’ဟု ၎င်းကသတိပေးသည်။

လွန်ခဲ့သောနှစ်များက ဖေဖော်ဝါရီလအတွင်း ယခုကဲ့သို့ နေ့အပူချိန် မမြင့်တက်ခဲ့ဖူးဘဲ မတ်လနှင့် ဧပြီရောက်မှသာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်လေ့ရှိသည်ဟု ဒေါက်တာထွန်းလွင် က ရှင်းပြသည်။

ယခုနှစ်သည် စံချိန်တင် အောင် ပူပြင်းခြောက်သွေ့မည့် အယ်လ်နီညိုရာသီဥတုကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ မပြတ်လပ်စေရေး အစိုးရဌာနများကရော ပညာရှင်များကပါ သတိပေးထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဒေ သအနှံ့အပြား၌ နေ့အပူချိန်များပုံမှန်ထက် မြင့်တက်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၉ ရက်ကလည်း ဒေသမတူသော မြို့သုံးမြို့တွင် စံချိန်တင်အပူချိန် တစ်ချိန်တည်း မြင့်တက်ခဲ့သည်။ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် မွန်ပြည်နယ် ကျိုက္ခမီမြို့တို့တွင် အပူချိန် စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော် တွင် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေသေးပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုး အနည်းငယ်ရွာနိုင်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အောင်သစ်လွင် | 7day

မှတ်ချက်များ