![]() |
| ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကို ဝေဟင်မှမြင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) |
သမိုင်းနှင့်ချီသော ပြဿနာများရှိနေသည့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဒေသတစ်ခုလည်းဖြစ်သည်။
ဒီမိုကရေစီအရပ်သားအစိုးရသစ်လက်ထက်တွင်တော့ ထိလွယ်ရှလွယ်ဒေသအဖြစ် သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညီပု ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည်။
ဝန်ကြီးချုပ်သစ်ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုများစွာက စောင့်ကြိုနေသည်။
ပြည်နယ်လွှတ်တော်တွင် ရာခိုင်နှုန်း ၅၀ ခန့် သိမ်းပိုက်ထားသည့် ဒေသတွင်းအင်အားကြီး ရခိုင်အမျိုးသားပါတီ (ANP) နှင့် ဒီချုပ်အကြား ဖြစ်ပွားခဲ့သည့် ဆက်ဆံရေးအထစ်အငေါ့များကြောင့်လည်း ရခိုင်ဒေသအခြေအနေမှာ စိတ်ဝင်တစား စောင့်ကြည့်ဖွယ်ကောင်းနေသည်။
ရခိုင်အမျိုးသားအင်အားစုများနှင့် စောင့်ကြည့်လေ့လာသူများက အစိုးရသစ်အနေဖြင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များ၊ ဘင်္ဂါလီအရေးနှင့် သယံဇာတဆိုင်ရာကိစ္စရပ်များ ထိပ်ဆုံးက ပါဝင်နေကြောင်း သုံးသပ်မှတ်ချက်ပြုသည်။
ယခင်အစိုးရလက်ထက်က ထုတ်ပြန်ခဲ့သည့် ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာတွင်မူ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသခံများ၏ တစ်လပျမ်းမျှဝင်ငွေသည် ကျပ်လေးသောင်းကျော်သာရှိကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်သည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ မြေသြဇာကောင်းမွန်သော စိုက်ပျိုးမြေနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ခေတ်မီနည်းပညာအသုံးပြုမှု စက်မှုလက်မှုလုပ်ငန်းနှင့် ချေးငွေအရင်းအမြစ် နည်းပါးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် မလုံလောက်ခြင်းတို့ကြောင့် ဒေသစီးပွားရေးနိမ့်ကျနေကြောင်း ကော်မရှင်က ဆိုသည်။
ထို့အပြင် အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် ရေလုပ်ငန်းတွင်လည်း ဒေသတည်ငြိမ်မှုအားနည်းခြင်းကြောင့် အခက်အခဲများရှိနေကြောင်း သုံးသပ်ထားသည်။
ရခိုင်အရေးလေ့လာသူများက ဒေသဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်နှစ်ခုကို တူညီစွာ ထောက်ပြကြသည်။
‘‘ဒေသတည်ငြိမ်အေးချမ်းဖို့ နဲ့နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေး ကောင်းလာဖို့ပဲ’’ ဟု ရခိုင်အရေးလေ့လာသူတစ်ဦးက ပြောသည်။
ထို့အပြင် ယခင်အစိုးရလက်ထက်က ဒေသတွင်းစတင်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သစ်က ကိုင်တွယ်ဆောင်ရွက်ရမည် ဖြစ်သည်။ ကချင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ ၂၀၁၄ အတွင်းမှစ၍ ရခိုင်နှင့်ချင်းပြည်နယ် ဆက်စပ်ဒေသများ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ AA နှင့် ပတ်သက်မှုဖြင့် မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေအရ ဖမ်းဆီးထောင်ဒဏ်ချမှတ်နေမှုများလည်း ဒေသအတွင်း မြင့်တက်နေသည်။
လေ့လာသူများကမူ AA အရေးသည် ပြည်ထောင်စုအစိုးရ၏ မူဝါဒများ၊ ကိုင်တွယ်ဆောင်ရွက်ပုံများနှင့် သက်ဆိုင်ကြောင်း သုံးသပ်သည်။
ရခိုင်ပြည်နယ်အစိုးရသစ်၏ အဓိကရင်ဆိုင်ရမည့် စိန်ခေါ်မှုတစ်ခုမှာ ဘင်္ဂါလီပြဿနာဖြစ်သည်။ သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်က ဖြစ်ပွားခဲ့ပြီး ဖြေရှင်းနိုင်ခြင်းမရှိဘဲ ကျန်ရစ်ခဲ့သော ယင်းပြဿနာမှာ ဒေသအရေး၊ နိုင်ငံ့အရေးထက် ကျော်လွန်နေသည့်အတွက် ဖိအားပိုများလာကြောင်း သုံးသပ်ကြသည်။
‘‘ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးလာမယ့်ကိစ္စ၊ ဒါကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့လိုတယ်’’ ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးစွာဆောင်ရွက်ရန်ကိစ္စမှာ ပြည်နယ်လွှတ်တော်တွင် ၂၃ နေရာ အနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ဆက်ဆံရေးဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်မရရှိသည့်အတွက် အတိုက်အခံပါတီအဖြစ် ရပ်တည်မည်ဟု ကြွေးကြော်ထားသော ANP အနေဖြင့် ပါတီအကျိုးထက် ပြည်သူ့အကျိုးကို ဦးစားပေးသင့်ကြောင်းလည်း လေ့လာသူတစ်ဦးကဆိုသည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP က ၂၃ နေရာ၊ ဒီချုပ်က တိုင်းရင်းသားရေးရာ အပါအဝင် ကိုးနေရာရရှိထားသည်။
‘‘ဒေသတွင်းအင်အားကောင်းတဲ့ ANP နဲ့ တစ်နိုင်ငံလုံး အပြတ်အသတ်အနိုင်ရရှိထားတဲ့ ပါတီတို့ညှိနှိုင်းပြီး ထိလွယ်ရှလွယ်ပြည်နယ်ကို ဘယ်လိုကိုင်တွယ်ကြမလဲ ဆွေးနွေးသင့်တယ်’’ ဟု ရခိုင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိအချိန်အထိ ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် ယခင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဒီချုပ်မှ ဦးပုန်ဘွေတို့ကို အဆိုပြုထားသည်။
အကဲဆတ်ဒေသ၏ စိန်ခေါ်မှုများကို အောင်မြင်စွာကျော်လွှားနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ဒေသခံများက အကြံပြုထားသည်။
‘‘အကဲဆတ်ပြည်နယ်ဖြစ်လို့ ဝန်ကြီးချုပ်ဟောင်းတွေက လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိ နှိုင်းဆောင်ရွက်ခဲ့လို့ မပြောပလောက်ဘူးဆိုပေမယ့် တိုးတက်သင့်သလောက် တိုးတက်ခဲ့တယ်’’ ဟု စစ်တွေဒေသခံ ဦးသန်းထွန်းက သုံးသပ်သည်။
ထို့အပြင် ပြည်နယ်အစိုးရသစ်အနေဖြင့် ယခင်က ပွင့်လင်းမြင်သာမှုနည်းပါးခဲ့သည့် သယံဇာတဆိုင်ရာ ကိစ္စရပ်များကို ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်ပါက ထောက်ခံမှုရရှိနိုင်ကြောင်း အကြံပြုမှုများလည်း ရှိသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအနေဖြင့် ထိလွယ်ရှလွယ် အနောက်ဘက်တံခါးဒေသကို မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်လဲဆိုသည်ကို ပြည်သူများစောင့်ကြည့်နေပါသည်။
အောင်ခိုင် - Trend Myanmar

မှတ်ချက်များ