အေအးမိျခင္း ၊ တုပ္ေကြးေရာဂါနဲ႔ အဆုတ္ေယာင္ေရာဂါအေၾကာင္းသိေကာင္းစရာမ်ား




Zawgyi ျဖင့္ဖတ္ရန္

အခုလို ရာသီအကူးအေျပာင္းကာလမွာ အေအးမိျခင္း ၊ တုပ္ေကြးေရာဂါနဲ႔ အဆုတ္ေယာင္ေရာဂါေတြဟာ အင္မတန္ျဖစ္ၾကပါတယ္။ သင္ကိုယ္တိုင္လည္း  အဆုတ္ေရာင္မျဖစ္ရင္ေတာင္မွ ရာသီတုပ္ေကြးနဲ႔ ဖ်ားနာေတာ့ ျဖစ္ဖူးၾကမွာပါ။ ေရာဂါလကၡဏာေတြ ဆင္သေယာင္ရွိတဲ့ ေဝဒနာ ၃ ခုကို ကြဲကြဲျပားျပား ျဖစ္သြားေအာင္ ဒီေဆာင္းပါးေလးက အေထာက္အကူျပဳမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အေအးမိျခင္း ၊ တုပ္ေကြးႏွင့္ အဆုတ္ေရာင္ျခင္း

အေအးမိျခင္း

ပထမဆုံးအေနနဲ႔ အေအးမိျခင္းကို အရင္ ရွင္းျပခ်င္ပါတယ္။ အေအးမိတယ္ဆိုတာ အသက္ရႉလမ္းေၾကာင္းကို ဗိုင္းရပ္စ္ပိုးေတြ ဝင္လို႔ ျဖစ္ရတာပါ။ အထူးသျဖင့္ အသက္ရႉလမ္းေၾကာင္း အေပၚပိုင္းမွာ ျဖစ္တာပိုမ်ားပါတယ္။ အေအးမိေစတဲ့ ဗိုင္းရပ္စ္ပိုးေပါင္း ၂၀၀ ေက်ာ္ရွိတဲ့အနက္ ႐ိုင္ႏိုလို႔ေခၚတဲ့ ဗိုင္းရပ္စ္ေၾကာင့္  အျဖစ္မ်ားပါတယ္။

သာမန္ႏွာေစး ေခ်ာင္းဆိုးျခင္းနဲ႔အတူ –

ကိုယ္အနည္းငယ္ပူျခင္းျခင္း၊
နားထဲ ပိုးဝင္ျခင္း၊
လည္ေခ်ာင္းနာျခင္း၊
ေခါင္းကိုက္ျခင္း၊
ကိုက္လက္ မအီမသာျဖစ္ျခင္း အစရွိတဲ့ လကၡဏာေတြ ခံစားရႏိုင္ပါတယ္။
ေရာဂါအေနနဲ႔  ကုသမႈ မခံယူရင္၂ ပတ္ေလာက္ပဲ ခံစားရႏိုင္ပါတယ္။ အမ်ားအားျဖင့္ တစ္ပတ္အတြင္းမွာတင္ သက္သက္သာသာနဲ႔ လူေကာင္းပကတိ ျဖစ္လာႏိုင္ပါတယ္။

တုပ္ေကြး

တုပ္ေကြးဆိုတာကေတာ့ အေအးမိတာထက္ ပိုၿပီးေတာ့ ျပင္းထန္ပါတယ္။ ဖ်ားနာျခင္းနဲ႔အတူ အသက္ရႉလမ္းေၾကာင္းေအာက္ပိုင္းမွာ တုပ္ေကြးဗိုင္းရပ္စ္ေတြ ဝင္လို႔ ျဖစ္ရတာပါ။ အထူးသျဖင့္ ကေလးငယ္ေတြကို ပိုၿပီးေတာ့ ကူးစက္ႏိုင္တဲ့အတြက္ သတိထားေစာင့္ၾကည့္ဖို႔ေတာ့ လိုအပ္ပါတယ္။

ႏွာေစးျခင္း၊
ခ်မ္းတုန္ၿပီး ဖ်ားျခင္း၊
လည္ေခ်ာင္းနာျခင္း ၊
ေျခလက္ကိုက္ခဲျခင္း၊
ေမာပန္းလြယ္ျခင္း၊
ဝမ္းပ်က္ျခင္း အစရွိတဲ့ လကၡဏာေတြအျပင္ ပ်ိဳ႕အန္ျခင္းနဲ႔ နားကိုက္ျခင္းေတြလည္း ျဖစ္ႏိုင္ပါတယ္။
ရာသီတုပ္ေကြးအေနနဲ႔ ကုသမႈမရွိပါဘဲ ၾကာခ်ိန္ ၃ ပတ္ေလာက္အထိ ေကြးေနႏိုင္ပါတယ္။ အခ်ိန္မွန္မွန္နဲ႔ ေစာေစာကုသမႈ ခံယူရင္ေတာ့ ျမန္ျမန္ေရာဂါလကၡဏာ သက္သာမွာပါ။

အဆုတ္ေရာင္ျခင္း

ဒါဆိုရင္ေတာ့ အဆုတ္ေရာင္ျခင္းအေၾကာင္းကို ရွင္းျပမွာပါ။ အဆုတ္ေရာင္တယ္ဆိုတာ ဘက္တီးရီးယားပိုးေတြေၾကာင့္ ေရာင္ရမ္းရျခင္းပါ။ အဆုတ္တစ္ျခမ္း သို႔မဟုတ္ တစ္စုံလုံးလည္း ျဖစ္ႏိုင္ပါတယ္။ အဆုတ္ေရာင္ျခင္းေၾကာင့္ အဆုတ္ထဲမွာ ရွိတဲ့ ေလအိတ္ေလးေတြက သာမန္မဟုတ္ဘဲ အရည္ေတြနဲ႔ ပိတ္ဆို႔မႈ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသက္ရႉရ ခက္ခဲျခင္း ေဝဒနာ ခံစားရႏိုင္ပါတယ္။ ေရာဂါလကၡဏာေတြအေနနဲ႔ –

အသက္ရႉရင္ ရင္ဘတ္ေအာင့္ျခင္း၊
ခ်မ္းတုန္ၿပီး ဖ်ားျခင္း၊
အသက္ရႉမဝျခင္း၊
ပ်ိဳ႕အန္ျခင္း၊
ေခ်ာင္းဆိုးျခင္း အစရွိတဲ့ လကၡဏာေတြ ခံစားရနိင္ပါတယ္။
ေရာဂါကုသရာမွာေတာ့ ၃ ပတ္ေလာက္ ၾကာျမင့္ႏိုင္ပါတယ္။ အဆုတ္ေရာင္တာ သက္သာသြားၿပီဆိုရင္ေတာင္မွ တစ္ပတ္ေလာက္ေတာ့ ေခ်ာင္းဆိုေနဦးမွာ ျဖစ္ပါတယ္။ အဆုတ္ေရာင္ေရာဂါက အသက္ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြ၊ အသက္ ၆၅ ႏွစ္အထက္ အဘိုးအဘြားေတြ၊ ႏွလုံးနဲ႔ အဆုတ္ေရာဂါ အခံရွိတဲ့မွာ ျဖစ္ရင္ ႐ုတ္တရက္ ခ်က္ခ်င္းဆိုသလို ျဖစ္ႏိုင္ၿပီးေတာ့ သာမန္လူငယ္ေတြ ခံစားရတာထက္ ပိုၿပီးေတာ့ ျပင္းထန္ႏိုင္တဲ့အတြက္ သတိထားဖို႔ေတာ့ လိုအပ္မွာပါ။ ေရာဂါျဖစ္လာခဲ့ရင္လည္း အသက္အႏၲရာယ္ ရွိႏိုင္ပါတယ္။

ဒီေရာဂါသုံးခုမွာ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ေရာဂါ ၂ ခုပါဝင္တယ္ ဆိုေပမဲ့ ဗိုင္းရပ္ပိုးေတြက အဆုတ္ေရာင္ျခင္းနဲ႔ မသက္ဆိုင္ဘူးလို႔ေတာ့ တစ္ထစ္ခ်ေျပာလို႔ မရပါဘူး။ ဗိုင္းရပ္စ္ပိုးမ်ိဳးကြဲ အခ်င္းခ်င္း ပူးေပါင္းၿပီး မ်ိဳးကြဲအသစ္ေတြ၊ လူေတြရဲ႕ ေနထိုင္မႈ ပုံစံေတြ၊ ရာသီဥတုပူေႏြးလာျခင္း အစရွိတဲ့ အေၾကာင္းတရားေတြေၾကာင့္ အဆုတ္ေရာင္ျခင္းကို ျဖစ္ေစႏိုင္တဲ့ ဗိုင္းရပ္စ္ပိုးေတြ၊ မႈိေတြ ရွိလာပါတယ္။ ကံေကာင္းတာတစ္ခုကေတာ့ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါဟာ ဘက္တီးရီးယားေတြေၾကာင့္ ျဖစ္တာထက္ ပိုသက္သာၿပီး အခ်ိန္အနည္းငယ္အတြင္း ျပန္ေကာင္းႏိုင္ပါသတဲ့။

ကာကြယ္ေဆး ရွိလား

ဒီေနရာမွာေတာ့ ကာကြယ္ေဆးထိုးလို႔ရသလား ေမးခြန္းရွိလာပါတယ္။ အေျဖကေတာ့ ရွိပါတယ္ ။ တုပ္ေကြးနဲ႔ အဆုတ္ေရာင္ျခင္းကို ကာကြယ္ေဆးႀကိဳထိုးလို႔ ရပါတယ္။ ဒါေပမဲ့ ဒီေရာဂါေတြကို ျဖစ္ေစတဲ့ ဗိုင္းရပ္စ္မ်ိဳးစုကြဲေပါင္းမ်ားစြာ ရွိတဲ့အတြက္ အျဖစ္အမ်ားဆုံးဗိုင္းရပ္စ္ အနည္းငယ္ကိုေတာ့ ထိေရာက္တဲ့ ကာကြယ္မႈေပးႏိုင္မွာပါ။ ၿပီးေတာ့ တစ္ႏွစ္နဲ႔ တစ္ႏွစ္ ကာကြယ္ေဆးအမ်ိဳးအစားေတြလည္း မတူၾကပါဘူး။ အျဖစ္အမ်ားဆုံး ဗိုင္းရပ္စ္ေတြနဲ႔ ၂၀၁၈ မွာ တုပ္ေကြးျဖစ္လာႏိုင္ေခ်ရွိတဲ့ အမ်ိဳးအစားေတြကို ခန႔္မွန႔္ၿပီး ကာကြယ္ေဆးထုတ္ထားတာ ျဖစ္တဲ့အတြက္ တခ်ိဳ႕လူေတြက ကာကြယ္ေဆးမတိုးဘူး အစရွိတဲ့  လြဲေခ်ာ္မႈေလးေတြေတာ့ ရွိေကာင္းရွိႏိုင္ပါတယ္။

ဘယ္အခ်ိန္မွာ ေဆးကုသမႈ ခံယူရမလဲ

အေပၚမွာ ေျပာထားခဲ့တဲ့ လကၡဏာေတြကို သတိထားဖို႔ လိုပါတယ္။ ျပန္ေျပာရရင္ေတာ့ ဖ်ားၿပီး ႏွာေစး၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈမဝျခင္း၊ ေခါင္းကိုက္ျခင္း၊ မ်က္လုံးေအာင့္ျခင္း အစရွိတဲ့ လကၡဏာေတြ ျဖစ္လာရင္ေတာ့ ေဆးခန္းမွာ ကုသမႈ ခံယူသင့္ပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြမွာ ပဋီဇီဝေဆးေတြက အသုံးမဝင္ပါဘူး။ ေရာဂါသက္သာေအာင္ အဓိက ကုသရမွာပါ။

ဘက္တီးရီယားပိုးေတြေၾကာင့္ ေရာဂါျဖစ္တာလို႔ ဆရာဝန္က ယူဆရင္ေတာ့ ပဋီဇီဝေဆးေတြ ေပးၿပီးေတာ့ ကုသမွာပါ။ ဒီလိုကုသရာမွာလည္း ပိုးသတ္ေဆးေတြကို ေဆးပတ္လည္ေအာင္ ေသာက္ဖို႔နဲ႔ မပ်က္မကြက္ေသာက္ဖို႔လည္း အေရးပါတယ္ဆိုတာ တင္ျပရင္း ေဆာင္းပါးကို နိဂုံးခ်ဳပ္အပ္ပါတယ္။

အားလုံးကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစ။



ေဒါက္တာေအာင္ေက်ာ္ျမင့္


Unicode ဖြင့်ဖတ်ရန်

 အအေးမိခြင်း ၊ တုပ်ကွေးရောဂါနဲ့ အဆုတ်ယောင်ရောဂါအကြောင်းသိကောင်းစရာများ




အခုလို ရာသီအကူးအပြောင်းကာလမှာ အအေးမိခြင်း ၊ တုပ်ကွေးရောဂါနဲ့ အဆုတ်ယောင်ရောဂါတွေဟာ အင်မတန်ဖြစ်ကြပါတယ်။ သင်ကိုယ်တိုင်လည်း  အဆုတ်ရောင်မဖြစ်ရင်တောင်မှ ရာသီတုပ်ကွေးနဲ့ ဖျားနာတော့ ဖြစ်ဖူးကြမှာပါ။ ရောဂါလက္ခဏာတွေ ဆင်သယောင်ရှိတဲ့ ဝေဒနာ ၃ ခုကို ကွဲကွဲပြားပြား ဖြစ်သွားအောင် ဒီဆောင်းပါးလေးက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

အအေးမိခြင်း ၊ တုပ်ကွေးနှင့် အဆုတ်ရောင်ခြင်း

အအေးမိခြင်း

ပထမဆုံးအနေနဲ့ အအေးမိခြင်းကို အရင် ရှင်းပြချင်ပါတယ်။ အအေးမိတယ်ဆိုတာ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးတွေ ဝင်လို့ ဖြစ်ရတာပါ။ အထူးသဖြင့် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာ ဖြစ်တာပိုများပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်ပိုးပေါင်း ၂၀၀ ကျော်ရှိတဲ့အနက် ရိုင်နိုလို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်  အဖြစ်များပါတယ်။

သာမန်နှာစေး ချောင်းဆိုးခြင်းနဲ့အတူ –

ကိုယ်အနည်းငယ်ပူခြင်းခြင်း၊
နားထဲ ပိုးဝင်ခြင်း၊
လည်ချောင်းနာခြင်း၊
ခေါင်းကိုက်ခြင်း၊
ကိုက်လက် မအီမသာဖြစ်ခြင်း အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ရောဂါအနေနဲ့  ကုသမှု မခံယူရင်၂ ပတ်လောက်ပဲ ခံစားရနိုင်ပါတယ်။ အများအားဖြင့် တစ်ပတ်အတွင်းမှာတင် သက်သက်သာသာနဲ့ လူကောင်းပကတိ ဖြစ်လာနိုင်ပါတယ်။

တုပ်ကွေး

တုပ်ကွေးဆိုတာကတော့ အအေးမိတာထက် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဖျားနာခြင်းနဲ့အတူ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာ တုပ်ကွေးဗိုင်းရပ်စ်တွေ ဝင်လို့ ဖြစ်ရတာပါ။ အထူးသဖြင့် ကလေးငယ်တွေကို ပိုပြီးတော့ ကူးစက်နိုင်တဲ့အတွက် သတိထားစောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

နှာစေးခြင်း၊
ချမ်းတုန်ပြီး ဖျားခြင်း၊
လည်ချောင်းနာခြင်း ၊
ခြေလက်ကိုက်ခဲခြင်း၊
မောပန်းလွယ်ခြင်း၊
ဝမ်းပျက်ခြင်း အစရှိတဲ့ လက္ခဏာတွေအပြင် ပျို့အန်ခြင်းနဲ့ နားကိုက်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။
ရာသီတုပ်ကွေးအနေနဲ့ ကုသမှုမရှိပါဘဲ ကြာချိန် ၃ ပတ်လောက်အထိ ကွေးနေနိုင်ပါတယ်။ အချိန်မှန်မှန်နဲ့ စောစောကုသမှု ခံယူရင်တော့ မြန်မြန်ရောဂါလက္ခဏာ သက်သာမှာပါ။

အဆုတ်ရောင်ခြင်း

ဒါဆိုရင်တော့ အဆုတ်ရောင်ခြင်းအကြောင်းကို ရှင်းပြမှာပါ။ အဆုတ်ရောင်တယ်ဆိုတာ ဘက်တီးရီးယားပိုးတွေကြောင့် ရောင်ရမ်းရခြင်းပါ။ အဆုတ်တစ်ခြမ်း သို့မဟုတ် တစ်စုံလုံးလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်ခြင်းကြောင့် အဆုတ်ထဲမှာ ရှိတဲ့ လေအိတ်လေးတွေက သာမန်မဟုတ်ဘဲ အရည်တွေနဲ့ ပိတ်ဆို့မှု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အသက်ရှူရ ခက်ခဲခြင်း ဝေဒနာ ခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ –

အသက်ရှူရင် ရင်ဘတ်အောင့်ခြင်း၊
ချမ်းတုန်ပြီး ဖျားခြင်း၊
အသက်ရှူမဝခြင်း၊
ပျို့အန်ခြင်း၊
ချောင်းဆိုးခြင်း အစရှိတဲ့ လက္ခဏာတွေ ခံစားရနိင်ပါတယ်။
ရောဂါကုသရာမှာတော့ ၃ ပတ်လောက် ကြာမြင့်နိုင်ပါတယ်။ အဆုတ်ရောင်တာ သက်သာသွားပြီဆိုရင်တောင်မှ တစ်ပတ်လောက်တော့ ချောင်းဆိုနေဦးမှာ ဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါက အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ အသက် ၆၅ နှစ်အထက် အဘိုးအဘွားတွေ၊ နှလုံးနဲ့ အဆုတ်ရောဂါ အခံရှိတဲ့မှာ ဖြစ်ရင် ရုတ်တရက် ချက်ချင်းဆိုသလို ဖြစ်နိုင်ပြီးတော့ သာမန်လူငယ်တွေ ခံစားရတာထက် ပိုပြီးတော့ ပြင်းထန်နိုင်တဲ့အတွက် သတိထားဖို့တော့ လိုအပ်မှာပါ။ ရောဂါဖြစ်လာခဲ့ရင်လည်း အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ဒီရောဂါသုံးခုမှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါ ၂ ခုပါဝင်တယ် ဆိုပေမဲ့ ဗိုင်းရပ်ပိုးတွေက အဆုတ်ရောင်ခြင်းနဲ့ မသက်ဆိုင်ဘူးလို့တော့ တစ်ထစ်ချပြောလို့ မရပါဘူး။ ဗိုင်းရပ်စ်ပိုးမျိုးကွဲ အချင်းချင်း ပူးပေါင်းပြီး မျိုးကွဲအသစ်တွေ၊ လူတွေရဲ့ နေထိုင်မှု ပုံစံတွေ၊ ရာသီဥတုပူနွေးလာခြင်း အစရှိတဲ့ အကြောင်းတရားတွေကြောင့် အဆုတ်ရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေ၊ မှိုတွေ ရှိလာပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါဟာ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာထက် ပိုသက်သာပြီး အချိန်အနည်းငယ်အတွင်း ပြန်ကောင်းနိုင်ပါသတဲ့။

ကာကွယ်ဆေး ရှိလား

ဒီနေရာမှာတော့ ကာကွယ်ဆေးထိုးလို့ရသလား မေးခွန်းရှိလာပါတယ်။ အဖြေကတော့ ရှိပါတယ် ။ တုပ်ကွေးနဲ့ အဆုတ်ရောင်ခြင်းကို ကာကွယ်ဆေးကြိုထိုးလို့ ရပါတယ်။ ဒါပေမဲ့ ဒီရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးစုကွဲပေါင်းများစွာ ရှိတဲ့အတွက် အဖြစ်အများဆုံးဗိုင်းရပ်စ် အနည်းငယ်ကိုတော့ ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်မှာပါ။ ပြီးတော့ တစ်နှစ်နဲ့ တစ်နှစ် ကာကွယ်ဆေးအမျိုးအစားတွေလည်း မတူကြပါဘူး။ အဖြစ်အများဆုံး ဗိုင်းရပ်စ်တွေနဲ့ ၂၀၁၈ မှာ တုပ်ကွေးဖြစ်လာနိုင်ချေရှိတဲ့ အမျိုးအစားတွေကို ခန့်မှန့်ပြီး ကာကွယ်ဆေးထုတ်ထားတာ ဖြစ်တဲ့အတွက် တချို့လူတွေက ကာကွယ်ဆေးမတိုးဘူး အစရှိတဲ့  လွဲချော်မှုလေးတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆေးကုသမှု ခံယူရမလဲ

အပေါ်မှာ ပြောထားခဲ့တဲ့ လက္ခဏာတွေကို သတိထားဖို့ လိုပါတယ်။ ပြန်ပြောရရင်တော့ ဖျားပြီး နှာစေး၊ ချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆေးခန်းမှာ ကုသမှု ခံယူသင့်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ ပဋီဇီဝဆေးတွေက အသုံးမဝင်ပါဘူး။ ရောဂါသက်သာအောင် အဓိက ကုသရမှာပါ။

ဘက်တီးရီယားပိုးတွေကြောင့် ရောဂါဖြစ်တာလို့ ဆရာဝန်က ယူဆရင်တော့ ပဋီဇီဝဆေးတွေ ပေးပြီးတော့ ကုသမှာပါ။ ဒီလိုကုသရာမှာလည်း ပိုးသတ်ဆေးတွေကို ဆေးပတ်လည်အောင် သောက်ဖို့နဲ့ မပျက်မကွက်သောက်ဖို့လည်း အရေးပါတယ်ဆိုတာ တင်ပြရင်း ဆောင်းပါးကို နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။



ဒေါက်တာအောင်ကျော်မြင့်


မှတ်ချက်များ