ပျောက်ဆုံး ရဟတ်ယာဉ်က သုံးဦးစလုံး အသက်ရှင်လျက် ပြန်တွေ့ရှိ
ခါကာဘိုရာဇီဖက်မှာ တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းရဟတ်ယာဉ်ပေါ် ပါသွားသူ သုံးဦးစလုံး အသက်ရှင်လျက် ပြန်လည်တွေ့ရှိရပြီးလို့ ရှာဖွေရေး လုပ်ဆောင်နေတဲ့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။ သူတို့ သုံးဦးဟာ ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲက လန်းခါးကျေးရွာကို ရဟတ်ယာဉ်ဆီကနေ လမ်း
လျှောက်ပြီး ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ ထူးဖောင်ဒေးရှင်း ပြောခွင့်ရသူ ကိုဖြိုးကိုကိုသက်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။
ဘာကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ရသလဲဆိုတာနဲ့ အခု ရဟတ်ယာဉ် ဘယ်မှာ ရှိသလဲ ဆိုတဲ့ အသေး စိတ်တွေကိုတော့ မသိရသေး ပါဘူး။ ပြန်လည်တွေ့ရှိသူ သုံးဦးစလုံးဟာ အနည်းငယ် ပွန်းပဲ့ထိခိုက် ဒဏ်ရာ ရမှုပဲရှိတယ်လို့ ဆိုပြီးတော့၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လုပ်ပေးသွားမယ် လို့လည်း
ပြောပါတယ်။
တလကြာ ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရေးအတွက် B4 အမျိုးအစား အဲဒီ ရဟတ်ယာဉ်ကို ထိုင်းနိုင်ငံက ငှားရမ်းခဲ့တာဖြစ်ပြီး၊ ရဟတ်ယာဉ်နဲ့အတူ ထိုင်းလေယာဉ်မှုး ထူးဖောင်
ဒေးရှင်းက မြန်မာလေယာဉ်မှုးနဲ့ တောင်တက် ကျွမ်းကျင်သူတဦးတို့ ပါသွားခဲ့တာပါ။ B4 ရဟတ်ယဉ်ဟာ ရှာဖွေရေးပြုလုပ်နေစဉ်အတွင်းမှာပဲ စက်တင်ဘာလ ၂၇ ရက်နေ့ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
တလကျော်ကြာ ပျောက်ဆုံးနေဆဲ ရှိတဲ့ မြန်မာတောင်တက်သမားနှစ်ဦး ရှာဖွေရေးလုပ်ငန်းတွေကိုတော့ အခု သူတို့ ဆက်ပြီး လုပ်ဆောင်နေတယ်လို့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။
တက္ကသိုလ် ခြေလျင်နဲ့တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းက ကိုအောင်မြင့်မြတ်နဲ့ကိုဝေယံ မင်းသူတို့ နှစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့က ခါကာဘိုရာဇီတောင်ကို အောင်အောင်မြင်မြင်တက်ရောက်
ကြောင်း စကားပြောစက် ကနေ သတင်းပေးပို့ပြီးနဲ့ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စက်တင်ဘာလ ၁၀) ရက်နေ့က စတင်ခဲ့ပြီးတဲ့နောက် (၂၇) ရက်နေ့မှာ ရဟတ်ယာဉ်တစင်းနဲ့ အတူ လူ (၃) ယောက် ထပ်မံပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။
ဗွီအိုအေ(မြန်မာပိုင်း)

မှတ်ချက်များ