သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား/အကျဉ်းသူ ၃၀၀၀ ကျော်တွင် ထောက် လှမ်းရေးအရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ပါဝင်


နိုင်ငံတော်သမ္မတက အောက်တိုဘာ ၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား/အကျဉ်းသူ ၃၀၀၀ ကျော်တွင် ထောက်လှမ်းရေးအရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူ အချို့ပါဝင်ကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့အစည်းများထံမှ သိရသည်။

နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင်အသီးသီး တွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင် ကျခံစဉ်ကာလအတွင်း စည်း ကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၃၀၇၃ ဦးတို့အား နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက် ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်) နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်များပေးခဲ့သည်ဟု ပြန်ကြား
ရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

ယင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၅၈ ဦးအားပါဝင်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးခဲ့ကြောင်းသိရသည်။

သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့အစည်းများမှ နိုင်ငံရေး အ ကျဥ်းသားအဖြစ် သတ်မှတ်ထားသူ ၁၃ ဦးဝန်းကျင် လွတ်မြောက်မည်ဟု ခန့်မှန်းထားသော်လည်း မသေ ချာသေးဟု သမ္မတက ဖွဲ့စည်းပေးထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ ၀င် ဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူများအနက် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တောင်းဆိုမှု
ဖြင့် လွတ်မြောက်လာသူနှစ်ဦးရှိကြောင်း၊ယင်းနှစ်ဦးမှာ မြောင်းမြထောင်မှ စောမြစော(KNU)နှင့် မြစ်ကြီး နားထောင် မှ မာလ(ခေါ်)လရိန် (KIO)တို့ ဖြစ်ကြောင်းသိရပြီး ရန်ကုန် အင်းစိန်ထောင်မှ စောကေသမှူး လွတ်မြောက်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ထို့ပြင် ယခုပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ရှစ်ဦးပါဝင်ခဲ့ရာ မြင်းခြံထောင်မှ ဦးသိန်း
ဆွေ၊ ပခုက္ကူထောင်မှ ဦးအောင်ကျော်မိုး၊ ပုသိမ်ထောင်မှ ဦးမောင်သန်း၊ သာယာဝတီထောင်မှ ဦးမြင့်ဦး၊ မအူပင်ထောင်မှ ဦးမင်းသူ၊ မြိတ်ထောင်မှ ဦးအောင်ဇော်၊ တောင်ငူထောင်မှ ဦးနိုင်ဌေး၊ မော်လမြိုင်ထောင်မှ ဦးဆန်းအောင်တို့ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ဆိုသည်။

ဦးရဲအောင်က “ ဒီလိုလွှတ်ပေးတဲ့အပေါ် ကျွန်တော်တို့က ကြိုဆိုပါတယ်။ လူမှုရေးအရ ကောင်းတဲ့အချက် ပါ။ဒီလွှတ်ပေးတဲ့အပေါ်မှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတာ အရေးကြီးပါတယ်။ နိုင်ငံရေးအ ကျဉ်းသား ပြဿနာဟာ ပြည်တွင်းငြိမ်းချမ်းရးလိုပဲအရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်တယ်။ နိုင်ငံရေးပြောင်းလဲမှု စစ်မှန်တဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ကတော့ အရမ်း အရေးကြီးတဲ့ပြဿနာပါ။ နိုင်ငံရေးအရ ကောင်းဖို့ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့လို အပ်တယ်လို့မြင်တယ်” ဟု ပြောကြားသည်။

သို့ရာတွင် ယခုလွတ်မြောက်လာသူများအနက်လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုဆနထုတ်ဖော် မှုများနှင့် ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့မှုကြောင့် ထောင်ဒဏ် ကျခံနေရသည့် လယ်သမားများ၊ တောင်သူများ ပါဝင်ခြင်း ရှိ မရှိ လတ်တလော အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှ နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထား သူ တစ်ဦးမှ မရှိသော်လည်း နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားသူ ၇၅ ဦးရှိကြောင်းသိရသည်။

“နိုင်/စစ်ကော်မတီက လောလောဆယ် မှာ နိုင်/ကျဉ်းလို့ယူဆထားတာ တစ်ယောက်မှ မရှိဘူးဖြစ်နေပါ တယ်။ နိုင်/စစ်ကော်မတီမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသး ၂၉ဦးနဲ့ ပတ်သက်ပြီးတော့ ၀ိဝါဒကွဲပြားနေပါ တယ်။ ကျွန်တော်တိုလို အဖွဲ့အစည်းတွေ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီးတော့ အစိုးရဘက်အ
ခြမ်းက သူတွေက နိုင်င်ံရေးအကျဉ်းသားလို့ မသတ်မှတ်ထားပါဘူး” ဟု ဦးရဲအောင်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရသစ်သက်တမ်းအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သည့် အကျဉ်းသားပေါင်း
နှစ်သောင်းကျော်ရှိရာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ ကျော် ပါဝင်ခဲ့သည်ဟု ဦးရဲအောင်က ပြောကြားသည်။

EMG

မှတ်ချက်များ