အမျိုးသမီးများတွင် လည်ပင်းအကျိတ်ကင်ဆာဖြစ်ပွားမှု ပိုများလာ

အစားအသောက်နှင့် လူနေမှုဘ၀ပုံစံ ပြောင်းလဲလာမှုကြောင့် မျိုးပွားနိုင်သောအရွယ် အမျိုးသမီးများ၌ လည်ပင်းအကျိတ်ကင်ဆာရောဂါ ပိုမိုအဖြစ်များလာကြောင်း သတင်းရရှိသည်။

ရန်ကုန်ဆေးရုံကြီး၏ မှတ်တမ်းများအရ အသက်(၂၀)နှစ်မှ (၅၀)နှစ်ကြား အမျိုးသမီးများ၌ လည်ပင်းထဲ မှ ဟော်မုန်းထွက်သော ရောဂါနှင့် လည်ပင်းအကျိတ် (သိုင်းရွုက်) ကင်ဆာများ လာရောက်ကုသမှုမှာ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် လူဦးရေ ၁၅၀ မှ ၂၀၀ ၀န်းကျင်ကြား ရှိနေကြောင်း သိရသည်။

‘‘မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေ ပိုအဖြစ်များတယ်။ အစားအသောက် အနေအထိုင်တွေကြောင့် ကင်ဆာဖြစ်တဲ့သူတွေ များလာတာနဲ့အမျှ လည်ပင်းကင်ဆာတွေလည်း အချိုးကျပြီး များပြားလာတယ်။ အခုက ပိုသိသာလာတယ်’’ဟု ရန်ကုန်ဆေးရုံကြီး၊ အဏုမြူရောင်ခြည်ရောဂါရှာဖွေရေးနှင့် ကုသရေးဌာနမှ ပါမောက္ခဒေါက်တာကျင်မြင့်ကပြောသည်။

ကမ္ဘာပေါ်တွင် ကင်ဆာအဖြစ်များဆုံး နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဒုတိယအဆင့်တွင်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်ထားသည်။

လည်ပင်းအကျိတ်ကင်ဆာ ဖြစ်ပွားပါက စောစီးစွာ ဆေးကုသမှုခံယူလျှင် ပျောက်ကင်းနိုင်ပြီး ယင်းရောဂါရှိ သူများအနေဖြင့် အိုင်အိုဒင်းဆားစားသောက်မှုကို လုံးဝရှောင်ကြဉ်သင့်ကြောင်း ဆေးဘက်ဆိုင်ရာ ပညာ ရှင်ကြီးအချို့က အကြံပြုပြောကြားသည်။

‘‘ကင်ဆာကိုစသိတာက အကျိတ်ထွက်လာမှ။ ဦးစွာလာပြမှ အန္တရာယ်ရှိလား၊ မရှိလားဆိုတာ လမ်းညွှန်မှု
ပေးနိုင်မှာပါ။ မကုဘဲထားလို့ ကင်ဆာဖြစ်ရင် လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေက သေနေတာမဟုတ်ဘူး။ ပွားနေတာ။ ပြီးတော့ အိုင်အိုဒင်းဆားဆိုတာက ရောဂါကို ပိုအားပေးလို့ အဲဒီရောဂါဖြစ်တဲ့သူတွေအနေနဲ့ လုံးဝမစားသင့်ပါဘူး။ ရောဂါဖြစ်လာရင်လည်း စောစောစီးစီးကုသပါ ပျောက်ကင်းနိုင်ပါတယ်’’ဟု လှိုင်မြို့ နယ်ရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါရောဂါများမှာ မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ ငါးပိ၊ ငါးခြောက်ကဲ့သို့သော အငန်အစားအစာ များ စားသုံးခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပွားနိုင်သည်။ အချို့တွင် လည်ပင်းကြီးခြင်း၊ အကျိတ် ထွက်ခြင်း၊ ရင်တုန်ခြင်း၊ မောပန်းခြင်း၊ ၀မ်းပျက်ခြင်း၊ နည်းနည်းလှုပ်လိုက်ရုံဖြင့် ချွေးထွက်လွန်ခြင်း၊ အစား အသောက်မပျက်ဘဲနှင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ အလုပ်မလုပ်နိုင်ခြင်း၊ ညအိပ်မပျော်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်တတ်သည်။

ယမင်း | 7day


မှတ်ချက်များ