အင်တာနက်သုံးစွဲခများ လျှော့ချနိုင်ရန် ကမ္ဘာ့အကြီးဆုံးနည်းပညာအဖွဲ့နှင့် လက်မှတ်ရေးထိုး
မြန်မာနိုင်ငံတွင် အင်တာနက်ကို ဈေးနှုန်းသက်သာစွာဖြင့် လူအများအသုံးပြုနိုင်စေရန် ကမ္ဘာ့အကြီးဆုံးနည်း ပညာအဖွဲ့ဖြစ်သည့် A4AI ၏ တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး လိုက်ကြောင်း သတင်းရရှိ သည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန် ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် A4AI တို့က မတ်လ၂၆ ရက်တွင် ပူးပေါင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါပူးပေါင်းမှုအရ မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင်း၌ အင်တာနက်နှုန်းထားများ သက်သာစွာ အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွင် ပထမဆုံးပါဝင်ခဲ့သော အဖွဲ့ဝင်နိုင်ငံဖြစ်လာကြောင်း သတင်းရရှိသည်။
‘‘အာရှပစိဖိတ်ဒေသတွင်းမှာ ပထမဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ၀န်ကြီးဌာန အနေနဲ့ အင်တာနက်နှုန်းထားတွေကို သက်သာစွာ အသုံးပြုနိုင်စေဖို့ လိုအပ်တဲ့ စည်းမျဉ်းဥပဒေတွေကို သတ်မှတ်ရေးဆွဲပေးသွားဖို့ရှိပါတယ်’’ ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနမှ ဒုဝန်ကြီး ဦးသောင်းတင်ကပြောသည်။
A4AI သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့(UN)၏ ဦးတည်ချက် တစ်ခုဖြစ်သော လူတစ်ဦးလျှင် လစဉ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်း(သို့) ၅ ရာခိုင်နှုန်းအောက်ဈေးနှုန်းဖြင့် အင်တာနက် အသုံးပြုနိုင်စေရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အင်တာနက်အသုံးပြုခ သက်သာစေရန် ဆောင်ရွက်ရာတွင် ပြည်တွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းအင် တာနက်၊ WiFi၊ ဖိုက်ဘာကေဘယ်လ်အင်တာနက်စသည့် ၀န်ဆောင်မှု အားလုံးနီးပါးကို ဈေးသက်သာ စွာဖြင့် အသုံးပြုနိုင်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အင်တာနက်ကို ဈေးသက်သာစွာ အသုံးပြုနိုင်ရင် စီးပွား ရေးတိုးတက်မှုအပါအ၀င် ကဏ္ဍအများစုကို တိုး တက်စေပါတယ်။မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်ရာအခြေခံအဆောက်အအုံနဲ့ဈေးကွက်တွေဖွံ့ဖြိုးလာစေဖို့ မူဝါဒ၊ စည်းမျဉ်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်’’ဟု A4AI၏ အမှုဆောင် ဒါရိုက်တာ ဆိုနီယာ ဂျော့က သုံးသပ်သည်။
A4AI သည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး နည်းပညာညွန် ပေါင်းအဖွဲ့တစ်ခုဖြစ်ပြီး Google၊ UK DFID နှင့် USAID တို့အပါအ၀င်အကျိုးအမြတ်အတွက် မဟုတ်ဘဲ လုပ်ဆောင်နေသည့်အဖွဲ့ဝင်ပေါင်း၇၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။
7 Day

မှတ်ချက်များ