တရုတ်အိမ်ရှင်မ၏ သတိမေ့လျော့မှုကြောင့် ဒေါ်လာ(၁၆၀၀၀)ဖိုး ငွေစက္ကူများ မီးလောင်ဆုံးရှုံး
တရုတ်နိုင်ငံမှ အိမ်ရှင်မတစ်ဦး၏ မတော်တဆ သတိမေ့လျော့မှုကြောင့် မီးဖိုထဲတွင် ဝှက်ထားသည့် ဒေါ် လာ (၁၆၀၀၀)ဖိုးမျှ တရုတ် ငွေစက္ကူများ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
အသက်(၃၅)နှစ်ရှိ ဟိုဘင်းသည် ခင်ပွန်းဖြစ်သူ၏ ဝန်ထမ်းများကို ပေးချေမည့် လုပ်ခလစာများကို မီးဖိုထဲ တွင် သိုဝှက် သိမ်းဆည်း ထားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဟို၏ ခင်ပွန်းဖြစ်သူ ဘင်က ၎င်း ကွပ်ကဲနေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဝန်ထမ်းများကို ပေးချေရမည့် လုပ်ခငွေများအား ဇနီးဖြစ် သူထံ အပ်နှံထားခဲ့သည်။
ဟိုကလည်း သူခိုးသူဝှက်ရန် ကြောက်သဖြင့် မည်သူမျှ မထင်မှတ်နိုင်မည့် နေရာတစ်ခုတွင် ထားရှိရန် ဆုံးဖြတ်ပြီး မီးဖိုအောက်တွင် ဝှက်ထားလိုက်သည်။ နောက်တစ်နေ့ နံနက်တွင် ဟိုသည် လက်ဖက်ရည် ဖျော်ရန် စီစဉ်ပြီး ရေနွေးအိုးတည်ရန် မီးဖိုခလုတ်ကို ဖွင့်လိုက်သည်။
ထို့နောက် ဟိုသည် နောက်ထပ် လောင်စာအနည်းငယ် သွားယူပြီး ပြန်လာမှ သူမ၏ မဟာအမှားကို သ တိပြုမိသွားသည်။ ထိုအချိန်တွင် ယွမ်ငွေ(၂၀၀၀၀၀)ကျော်၊ တစ်နည်းအားဖြင့် ဒေါ်လာ (၁၆၀၀၀)နီးပါး တန်ဖိုးရှိသည့် ငွေစက္ကူများသည် မီးကျွမ်းနေပြီ ဖြစ်သည်။ သူမသည် ငွေစက္ကူ အကြွင်းအကျန်များကို ယူဆောင်ကာ တရုတ် ဗဟိုဘဏ်သို့ သွားရောက်ခဲ့သော်လည်း ဘဏ်ဝန်ထမ်းများက ငွေစက္ကူ၏ ထက်ဝက် စာမျှ ပျက်စီးနေပြီဆိုလျှင် ပြန်လဲပေးရန် မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။
တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူနန်ဒေသတွင် ဆောက်လုပ်ရေး ကုမ္ပဏီငယ် တစ်ခုကို ပိုင်ဆိုင်သည့် ဘင်ကမူ ဇနီးသည်ကို အပြစ်မတင်လိုကြောင်း ဆိုသည်။ “ကိုယ့်အတွက် သတ်မှတ်လုပ်ခတော့ ကိုယ်မရနိုင်တော့ ဘူးပေါ့။ ဒါပေမဲ့လည်း ကျွန်တော့် ဝန်ထမ်းတွေရဲ့ လုပ်ခအတွက်တော့ မိသားစုနဲ့ မိတ်ဆွေတွေဆီက ချေးငှားပြီး ပေးချေလိုက်ပါတယ်။ ကျွန်တော့် ဇနီးကတော့ တော်တော်လေး ကြေကွဲသွားရှာတယ်။ ဘာ ပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို ခွင့်လွှတ်ပါတယ်။ ကျွန်တော်တို့ ဒီဖြစ်ရပ်ကနေ ပြန်ပြီး နာလန်ထူလာနိုင်မှာ ပါ”ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်တွင် ဘဏ်များအပေါ် ယုံကြည်မှု နည်းပါးခြင်းကြောင့် မိသားစု အများအပြားသည် ကိုယ်ပိုင် ငွေကြေးများကို နေအိမ်ထဲတွင်ပင် သိုဝှက် သိမ်းဆည်းလေ့ရှိပြီး အချို့က သူခိုးရန် ကြောက်သောကြောင့် အိပ်စက်ချိန်တွင် ခေါင်းအုံးစွပ်နှင့် ခြေအိတ်များထဲသို့ ငွေစက္ကူများကို ထည့်သိမ်းထားတတ်ကြောင်း သိရှိရ သည်။
7day

မှတ်ချက်များ